ဒေသဖွံ့ဖြိုးရေးအတွက် ခရိုင်များကိုတိုးချဲ့ရခြင်းဟု စစ်ကောင်စီမှပြောဆိုချက်အပေါ် ဒေသခံများ အယုံအကြည်မရှိ

မြန်မာနိုင်ငံတွင် ဒေသဖွံ့ဖြိုးရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို ယခုထက်ပိုမိုပြီး အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်အသစ်များကို ထပ်မံတိုးချဲ့ရခြင်းဟု စစ်ကောင်စီ၏ပြောဆိုချက်ကို အယုံအကြည်မရှိကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်။

04 May 2022

DMG ၊ မေ ၄

မြန်မာနိုင်ငံတွင် ဒေသဖွံ့ဖြိုးရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို ယခုထက်ပိုမိုပြီး အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်အသစ်များကို ထပ်မံတိုးချဲ့ရခြင်းဟု စစ်ကောင်စီ၏ပြောဆိုချက်ကို အယုံအကြည်မရှိကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်။

နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးစသည်တို့ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို ယခုထက်ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနမှ ခရိုင်(၄၆)ခရိုင်ကို ယခုနှစ်(ဧပြီလ ၃၀ ရက်)နေ့တွင် ထပ်မံတိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာမှ မေလ(၁)ရက်နေ့တွင် ကြေညာခဲ့သည်။

မြန်မာတစ်နိုင်ငံလုံး အဘက်ဘက်မှကျဆင်းနေပြီး အုပ်ချုပ်ရေးယန္တရားပျက်ပြားနေချိန်တွင် စစ်ကောင်စီမှ ခရိုင်များတိုးချဲ့ခြင်းမှာ ပြည်သူ့အကျိုးအတွက်မဟုတ်ဘဲ ၎င်းတို့အကျိုးအတွက်သာဖြစ်နိုင်သည်ဟု အမ်းမြို့ဒေသခံ ကိုးမျိုးလွင်ကရှုမြင်သည်။

“အမ်းဟာခရိုင်ဖြစ်လို့ တိုးတက်ဖို့၊ ပိုပြီးတရားဥပဒေစိုးမိုးဖို့ဆိုတာ မမျှော်မှန်းဘူး။ လက်ရှိကြုံနေရတဲ့ အခင်းအကျင်းတွေအပေါ်မြင်နေရတဲ့အတွက် ခရိုင်ဖွဲ့တာဟာ သူတို့အကျိုးအတွက်ဖွဲ့တာဖြစ်တယ်။ နောက်ပြီး အမ်းဟာ တပ်မြို့ဖြစ်တဲ့အတွက် စစ်ကောင်စီဟာ တပ်ကိုကျယ်ကျယ်ပြန့်ပြန့်နဲ့တည်ဆောက်ဖို့အတွက် အုပ်ချုပ်ရေးမဏ္ဍိုင်တွေ အများကြီးအလုပ်လုပ်ဖို့အတွက် ခရိုင်ဖွဲ့တာလို့မြင်တယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်အတွင်းက အမ်းမြို့နှင့် တောင်ကုတ်မြို့တို့လည်း စစ်ကောင်စီမှ ခရိုင်တိုးချဲ့ရာသည့်အထဲတွင် ပါဝင်နေသည်။ အမ်းခရိုင်တွင် အမ်းမြို့နယ်နှင့် မြေပုံမြို့နယ်တို့ပါဝင်ပြီး တောင်ကုတ်ခရိုင်တွင် တောင်ကုတ်မြို့နှင့် မာန်အောင်မြို့နယ်တို့ပါဝင်မည်ဟု ပြည်နယ်စစ်ကောင်စီမှသိရသည်။

တောင်ကုတ်မြို့ဒေသခံ ဦးကိုကိုညီး(အမည်လွဲ)က ခရိုင်များတိုးချဲ့ခြင်းကိုကြိုဆိုသော်လည်း အာဏာသိမ်းထားသည့် စစ်ကောင်စီအပေါ် ယုံကြည်မှုမရှိကြောင်းပြောသည်။

“အခုလက်ရှိ အလုပ်အကိုင်၊ စီးပွားရေး၊ စားဝတ်နေရေးတွေဟာ အဆင်မပြေမှုတွေများကြတယ်။ ရှေ့ဆက် ဒီအတိုင်းဆိုရင်တော့ အဆင်ပြေလာမယ်လို့မမြင်ဘူး။ လက်ရှိအနေအထားအရ ပြည်သူလူထုတွေဟာ ထပ်ပြီးဒုက္ခတွေပိုလာမယ်လို့မြင်တယ်”ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ယခင်က ခရိုင် (၇၅)ခရိုင်ဖွဲ့စည်းထားရာမှ ယခုအခါ ခရိုင် (၄၆)ခရိုင်ကို အသစ်ထပ်မံတိုးချဲ့ ဖွဲ့စည်းလိုက်သည့်အတွက် စုစုပေါင်းခရိုင် (၁၂၁)ခရိုင်ရှိလာသည်။ ရခိုင်တွင် ယခင်က စစ်တွေ၊ မောင်တော၊ မြောက်ဦး၊ သံတွဲ၊ ကျောက်ဖြူ စသည့်ခရိုင်(၅)ခုရှိရာမှ လက်ရှိတွင် ခရိုင်နှစ်ခုထပ်မံတိုးချဲ့လိုက်သဖြင့် စုစုပေါင်း ခရိုင်(၇)ခု ဖြစ်လာသည်။

ခရိုင်တစ်ခုကို တိုးချဲ့ဖွဲ့စည်းမည်ဆိုပါက ခရိုင်အင်္ဂါရပ်နှင့်ညီအောင် လုပ်ရန်လိုအပ်ကြောင်း ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံကပြောသည်။

“ခရိုင်တိုးချဲ့ဖို့အတွက် မြို့တွေတောင်မှ မြို့အင်္ဂါရပ်နဲ့မညီမျှဘူး။ မီးမရှိ၊ ရေမရှိ၊ လမ်းမရှိ။ နောက်မြို့တွေမှာလိုအပ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ၊ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ အဲဒီလိုမျိုး မပြည်စုံတဲ့မြို့တွေဟာ အလကား အမည်ခံသက်သက်ဖြစ်တယ်လို့မြင်တယ်”ဟု ၎င်းကဆိုသည်။

၎င်းကဆက်လက်၍ “မြို့တစ်မြို့ဆိုရင် မြို့ကိုကိုယ်စားပြုပြီး လွှတ်တော်မှာပြောဖို့ လူပုဂ္ဂိုလ်တွေကိုရဖို့လိုတယ်။ မြို့မရှိဘဲနဲ့ ခရိုင်တိုးချဲ့လို့လည်းမရဘူး။ မြို့မှာလိုအပ်တဲ့အရာတွေကိုပြောဆိုဖို့အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေရဖို့လိုတယ်”ဟု ပြောသည်။

တစ်ဖက်တွင်လည်း ခရိုင်များထပ်မံတိုးချဲ့ခြင်းသည် စစ်ကောင်စီမှ PR စနစ်ဖြင့် ရွေးကောက်ပွဲရန်အတွက်သာ ဖြစ်နိုင်သည်ဟု ရခိုင့်နိုင်ငံရေးသမားနှင့် လေ့လာသူများက ပြောဆိုကြသည်။

ယခုအချိန်သည် မြန်မာ့နိုင်ငံရေးအရှုပ်အထွေး၊ စီးပွားရေး၊ လူမှုရေးအကျပ်အတည်းများကို ကောင်းမွန်စွာ ဖြေရှင်းရမည့်အချိန်သာဖြစ်ပြီး ခရိုင်တိုးချဲ့ဖွဲ့စည်းခြင်းမှာ မလိုအပ်သည့်လုပ်ငန်းများကို စစ်ကောင်စီက လုပ်ဆောင်နေခြင်းဖြစ်ကြောင်းလည်း ဝေဖန်မှုများရှိသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ အထိ အထွေထွေရွေးကောက်ပွဲကြီးသုံးကြိမ်ကျင်းပခဲ့ပြီး အနိုင်ရသူ အကုန်ယူစနစ်(Frirst Past the Post - FPTP)ကို ကျင့်သုံးခဲ့ကြသည်။

မဲစာရင်းမှားယွင်းသည်ဟုအကြောင်းပြကာ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်ကို လက်မခံဘဲ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD အစိုးရကိုဖြုတ်ချပြီး နိုင်ငံတော်အာဏာကို သိမ်းယူထားသည့် စစ်ကောင်စီသည် လာမည့် ၂၀၂၃ ခုနှစ်တွင် PR စနစ်ဖြင့် ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းလျက်ရှိနေသည်။

PR စနစ်မှာ စစ်ကောင်စီ၏ နိုင်ငံရေးထွက်ပေါက် ကစားကွက်သာဖြစ်ကြောင်းနှင့် စစ်အာဏာရှင်စနစ် သက်တမ်းရှည်ခိုင်မာအောင် အခြေချလုပ်ဆောင်နေခြင်းသာဖြစ်သည်ဟုလည်း နိုင်ငံရေးသမားများက ရှုမြင်ကြသည်။

ဗီဒီယိုများ