ဘူးသီးတောင်မြို့ပေါ်က စစ်ရှောင်စခန်းနှစ်ခုတွင် အိမ်သာ အရေးပေါ်လိုအပ်နေ

“လူကလည်း များလာပါတယ်၊ အိမ်သာက နည်းနေပါတယ်။ ရှိတဲ့အိမ်သာတွေမှာလည်း ပြည့်တဲ့အလုံးက ပြည်နေပါပြီ။ လူ ၁၅၀၀ အတွက်အိမ်သာ ၁၈ လုံးနဲ့ ဘယ်လိုမှမလုံလောက်ပါ” ဟု လမ်းမကျောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးအောင်ကျော်ထွန်းက ပြောသည်။

By ဝံသ(မောင်တော) 28 Nov 2019

ဝံသ(မောင်တော) | DMG
နိုဝင်ဘာ ၂၈ ၊ ဘူးသီးတောင်

ဘူးသီးတောင်မြို့ပေါ်က စစ်ဘေးရှောင်စခန်းများဖြစ်သည့် လမ်းမကျောင်းစစ်ဘေးရှောင်စခန်းနှင့် ရန်အောင်မြေစစ်ဘေးရှောင်စခန်းတို့တွင် စစ်ဘေးရှောင်လူဦးရေများပြားလာမှုကြောင့် အိမ်သာများ လုံလောက်မှုမရှိ ဖြစ်နေကြောင်း သိရသည်။

လမ်းမကျောင်းစစ်ဘေးရှောင်စခန်းတွင် ICRC နှင့် ပြင်ပအလှူရှင်များမှ လှူဒါန်းထားသည့် အိမ်သာ ၁၈ လုံးရှိပြီး စစ်ဘေးရှောင်ဦးရေ ၁၅၀၀ ကျော်အတွက် လုံလောက်မှုမရှိဖြစ်နေကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။

“လူကလည်း များလာပါတယ်၊ အိမ်သာက နည်းနေပါတယ်။ ရှိတဲ့အိမ်သာတွေမှာလည်း ပြည့်တဲ့အလုံးက ပြည်နေပါပြီ။ လူ ၁၅၀၀ အတွက်အိမ်သာ ၁၈ လုံးနဲ့ ဘယ်လိုမှမလုံလောက်ပါ” ဟု လမ်းမကျောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးအောင်ကျော်ထွန်းက ပြောသည်။

ထို့ပြင် စားနပ်ရိက္ခာများမှာလည်း လူမှုဝန်ထမ်းရုံးမှ ထောက်ပံ့ထားမှုနှင့် လုံလောက်မှုမရှိသဖြင့် စားဝတ်နေရေး အဆင်မပြေကြောင်း ၎င်းကဆိုသည်။ လမ်မကျောင်းစစ်ဘေးရှောင်စခန်းတွင် လက်ရှိ အိမ်ထောင်စု ၃၈၀ ရှိပြီး လူဦးရေ ကျား ၆၉၀ ၊ မ ၈၆၉ စုစုပေါင်း ၁၅၅၉ ဦးရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့ပေါ်ရှိ ရန်အောင်မြေစစ်ဘေးရှောင်စခန်းတွင်လည်း ထိုကဲ့သို့ အိမ်သာလုံလောက်မှုမရှိ ဖြစ်နေသည်။

“ဦးဇင်းတို့ ရန်အောင် မြေစစ်ဘေးရှောင်စခန်းမှာတော့ အိမ်သာ ၂ ခန်းတွဲ ၅ လုံးဆိုတော့ ၁၀ လုံးပဲ ရှိပါတယ်။ လူဦးရေက ၅၃၀ ကျော်ရှိတယ်။ ဘယ်လိုမှ မလုံလောက်ပါဘူး။ ICRC ကတော့ အိမ်သာ၊ အဝီစိတွင်း၊ ရေချိုးခန်းတို့ လာဆောက်မယ်လို့ ပြောထားတာတော့ရှိတယ်။ အခုထိတော့ လာမလုပ်သေးဘူး” ဟု ရန်အောင်မြေဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဦးဣန္ဒဝံသက မိန့်သည်။

ရန်အောင်မြေစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၁၃၅ စု လူဦးရ ၅၃၀ ကျော်ရှိကြောင်း သိရသည်။

ဘူးတောင်မြို့နယ်တွင် စစ်ဘေးဒုက္ခသည်စုစုပေါင်း ၈၀၀၀ ခန့်ရှိပြီး ဘူးသီးတောင်မြို့နယ်မှ ပြင်ချောင်း၊ မြို့မချောင်း၊ အလယ်ချောင်း၊ သရက်ပြင်၊ ကျောက်ရံ၊ ဥယျာဉ်သာ၊ သျှစ်ရှားတောင်၊ စံဂိုးထောင်၊ နွားရုံတောင်၊ ဖုံညိုလိပ်၊ စည်တောင်၊ ကံပြင်၊ ဇီးရွာ၊ ကြာညိုပြင်၊ ကွမ်းတောင်၊ စပါးထား၊ အုတ်တောင်၊ ကွမ်တိုင်၊ သိုင်းတဘုတ်၊ ပြင်ရှည်၊ သပြေဆိပ်နှင့် ရသေ့တောင်မြို့နယ်မှ ကျောက်တန်း၊ ရေစိုးချောင်း စသည့်ကျေးရွာများမှ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်သည်။

ဗီဒီယိုများ