တိုက်ပွဲကြောင့် မြေပုံဒေသခံထောင်နှင့်ချီ အိုးအိမ်စွန့်ခွာထွက်ပြေး

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညှင်းကျေးရွာအနီး တောင်နှစ်လုံးကျော်တောင်(ဒေသအခေါ်)တွင် ဒီဇင်ဘာလ ၂၃ ရက်နေ့က တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စညှင်းကျေးရွာသား လူဦးရေ ၁၂၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

By ကျော်သူဋ္ဌေး 24 Dec 2019

ကျော်သူဌေး | DMG
ဒီဇင်ဘာ ၂၄၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညှင်းကျေးရွာအနီး တောင်နှစ်လုံးကျော်တောင်(ဒေသအခေါ်)တွင် ဒီဇင်ဘာလ ၂၃ ရက်နေ့က တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စညှင်းကျေးရွာသား လူဦးရေ ၁၂၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာသည် စညှင်းကျေးရွာနှင့် ၂ မိုင်ခန့်ကွာဝေးကာ ရဟတ်ယာဉ်ဖြင့်ပစ်ခတ်ခြင်း၊ လက်နက်ကြီးကျည်များ ကျေးရွာအနီးကျရောက်ခြင်းတို့ကြောင့် ထွက်ပြေးလာခြင်းဖြစ်ကြောင်း ၎င်းကျေးရွာသားများကပြောသည်။

“ယောချောင်းဖက်က လက်နက်ကြီးနဲ့ပစ်တယ်။ ကျနော်တို့ရွာ အနီးအနားကိုကျတယ်။ လေယာဉ်နှစ်စီးနဲ့ နေ့လယ် ၂ နာရီလောက်ကနေ တစ်ရက်လုံးပစ်ပါတယ်။ ရွာကလူတွေအကုန်လုံး နေလို့မရတော့လို့ ကမ်းထောင်းကြီးနဲ့ ညောင်ကန်ကို ထွက်ပြေးနေရပါတယ်” ဟု စညှင်းကျေးရွာသားတစ်ဦးက ဆိုသည်။

ထို့ပြင် စညှင်းကျေးရွာနှင့် ၂ မိုင်ကျော်မျှကွာဝေးသည့် အင်ကြင်းကျေးရွာမှလည်း ထွက်ပြေးလာသူများရှိသည်။ ထွက်ပြေးလာသူများတွင် စညှင်းကျေးရွာမှ လူဦးရေ ၁၂၀၀ ကျော်နှင့် အင်ကြင်းကျေးရွာမှ လူဦးရေ ၂၆၀ ခန့် ပါဝင်ပြီး ကမ်းထောင်းကြီးမြို့နှင့် ညောင်ကန်ကျေးရွာတို့တွင် ခိုလှုံလျက်ရှိကြောင်း သိရသည်။

ညောင်ကန်ကျေးရွာတွင် ဒုက္ခသည်စခန်းမရှိသဖြင့် ထွက်ပြေးလာသူများသည် ကျေးရွာအတွင်းမှ နေအိမ်များတွင် တစ်အိမ်လျှင် လူ(၂)ဦးစီ နေထိုင်စားသောက်နေကြရကြောင်း ထွက်ပြေးလာသူများက ပြောသည်။

“အခု တစ်အိမ်မှာ (၂)ယောက်လောက် စားနေရပါတယ်။ ရွာကပြေးလာတဲ့အခါ အဝတ်မပါလာသူတွေ၊ စောင်မပါလာသူတွေ အများကြီးရှိပါတယ်။ စားဝတ်နေရေးကအစ၊ အဝတ်အထည်တွေ အခက်အခဲဖြစ်နေပါတယ်”ဟု ကမ်းထောင်းကြီးမြို့သို့ ထွက်ပြေးလာသူတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်ခန့်အထိကြာမြင့်လာနေကာ တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည်ဦးရေမှာ သိန်းနှင့်ချီရှိလာနေပြီဖြစ်သည်။

Related Post : ရိက္ခာသယ်ယူခွင့်ပိတ်ထားမှုကြောင့် မြေပုံဒေသခံ ၄၀၀ ကျော် စားဝတ်နေရေးခက်ခဲနေ

ဗီဒီယိုများ