တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ပလက်ဝပြန်မည့်ခရီးသည် ၂၀၀ ကျော် ကျောက်တော်တွင် သောင်တင်နေ

ကုလားတန်မြစ်အနီးတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ပလက်ဝမြို့နယ်သို့ပြန်မည့် ခရီးသည် ၂၀၀ ကျော်မှာ ကျောက်တော်မြို့တွင် သောင်တင်နေသည်ဟု ဒေသခံများထံက သိရသည်။

By မြတ်ဆွေ 19 Feb 2020

မြတ်ဆွေ | DMG
ဖေဖော်ဝါရီ ၁၉၊ ကျောက်တော်

ကုလားတန်မြစ်အနီးတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ပလက်ဝမြို့နယ်သို့ပြန်မည့် ခရီးသည် ၂၀၀ ကျော်မှာ ကျောက်တော်မြို့တွင် သောင်တင်နေသည်ဟု ဒေသခံများထံက သိရသည်။

တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ရေယာဉ်လိုင်းများမထွက်ရသဖြင့် ဖေဖော်ဝါရီလ ၆ ရက်နေ့ကပင် ယနေ့အထိ ကျောက်တော်မြို့တွင် သောင်တင်နေခြင်းဖြစ်သည်။ ယင်းအထဲတွင် ပညာရေးဝန်ထမ်းများ၊ ကုန်သည်များ၊ ဈေးလာရောက်ဝယ်သူများ ပါဝင်သည်ဟု ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်က ပြောသည်။

“တစ်ချို့ဆိုရင် ဆွေမျိုးတွေအိမ်မှာနေကြတယ်။ တစ်ချို့က တည်းခိုခန်းတွေမှာနေကြတယ်။ တစ်ချို့က ကျောက်တော်မှာအမျိုးမရှိလို့ စစ်တွေကိုသွားကြတဲ့ သူတွေလည်းရှိတယ်။ နောက်ပြီး ပိုက်ဆံမရှိလို့ ဘုန်းကြီးကျောင်းမှာ တည်းကြတဲ့သူတွေရှိတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိမှာ စာမေးပွဲကာလဖြစ်သော်လည်း တိုက်ပွဲများကြောင့် ပလက်ဝဒေသသို့ မသွားရောက်နိုင်သဖြင့် ကျောင်းသား၊ကျောင်းသူများအတွက် စိုးရိမ်သည်ဟု ကျောင်းဆရာမတစ်ဦးက ပြောသည်။

“ပိုက်ဆံကုန်တယ်၊ စိတ်မချမ်းသာဘူး။ ဒီရောက်တာလည်း ကြာနေပြီ။ ၈ တန်းစာမေးပွဲအတွက် အခန်းစောင့်စာရင်းမှာလည်း ပါတယ်။ ဒီမှာပိတ်မိနေတဲ့အတွက် မ သွားရဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။

ချင်းပြည်နယ်၊ ပလက်ဝဒေသခံများသည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ဆန်၊ဆီ၊ဆေးဝါး၊စားသောက်ကုန် ပစ္စည်းများ ဝယ်ယူစားသုံးနေရသည်။ သို့သော် တိုက်ပွဲများပြင်းထန်နေသောကြောင့် ဆန်၊ဆီစသည်များ မဝယ်ယူနိုင်သဖြင့် စားနပ်ရိက္ခာများ အခက်အခဲဖြစ်နေသည်ဟု ဒေသခံများထံက သိရသည်။

“အခုဆိုရင် ပလက်ဝမြို့နယ်မှာ ဆန်တွေ ရှာလို့မရတဲ့အဆင့် ဖြစ်နေတယ်။ ဆန်ရောင်းတဲ့သူတွေကလည်း တစ်အိတ်ကို အရင်က၂၁၀၀၀ ရောင်းချပြီး အခုက တစ်အိတ်ကို ၄၀၀၀၀ ပေးလို့ဝယ်မယ်ဆိုရင်တောင် ရှာလို့မရဘူး။ နောက်ပြီးတော့ စားကုန်သောက်ကုန်တွေပေါ့” ဟု ဦးတင်ထွန်းအောင်က ပြောသည်။

ဖေဖော်ဝါရီလ(၁၈) ရက်နေ့က ပလက်ဝမြို့နယ်၊ မီးချောင်းတံတားအနီး မြန်မာ့တပ်မတော်၏ အမြောက်စခန်း(ဗျူဟာကုန်း) ပတ်ဝန်းကျင်နှင့် ကျောက်တော်မြို့နယ် ဝက်မကျရွာနှင့် တင်းမရွာအကြား၌ တိုက်ပွဲများမှာဖြစ်ပွားခဲ့သည်။ ဗျူဟာကုန်းအနီးတွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ ၁၃ ရက်ကြာမြင့်နေပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)ဘက်က သတင်းထုတ်ပြန်ထားသည်။

ဗီဒီယိုများ