AA နှင့်ဆက်စပ်၍ သံသယဖြင့်ဖမ်းဆီးခံထားရသူများ ပြန်လည်လွတ်မြောက်ရေးအတွက် ဆောင်ရွက်နေဟု AA ပြော

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည့်ဟုဆိုကာ သံသယဖြင့် ဖမ်းဆီးခံထားရသူများ ပြန်လည်လွတ်မြောက်ရေးအတွက် စစ်ကောင်စီနှင့် ကြားခံလူများမှတစ်ဆင့် ညှိနှိုင်းဆောင်ရွက်နေသည်ဟု AA ပြောရေဆိုခွင့်ရှိသူ ဦးခိုင်သုခက ယနေ့သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

05 Mar 2022

DMG ၊ မတ် ၅

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည့်ဟုဆိုကာ သံသယဖြင့် ဖမ်းဆီးခံထားရသူများ ပြန်လည်လွတ်မြောက်ရေးအတွက် စစ်ကောင်စီနှင့် ကြားခံလူများမှတစ်ဆင့် ညှိနှိုင်းဆောင်ရွက်နေသည်ဟု AA ပြောရေဆိုခွင့်ရှိသူ ဦးခိုင်သုခက ယနေ့သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

လက်ရှိကာလတွင် စစ်ကောင်စီနှင့် AA တို့ သဘောတူလက်မှတ်ရေးထိုးခြင်းမဟုတ်ဘဲ နှစ်ဖက်နားလည်မှုဖြင့် အပစ်ရပ်ထားကြသည်။

“ကျနော်တို့ဒီတော်လှန်ရေးကာလမှာ ဖမ်းဆီးခံရတဲ့ကိစ္စတွေကတော့ ဆက်ပြီးတော့ ရှိနေနိုင်ပါတယ်။ ကျနော်တို့ (ULA/AA) အနေနဲ့ လက်ရှိဖမ်းဆီးခံထားရတဲ့ ကျနော်တို့တပ်ဖွဲ့ဝင်တွေ၊ အပြစ်မရှိတဲ့ပြည်သူတွေ လွတ်မြောက်ဖို့အတွက် ကျနော်တို့အတတ်နိုင်ဆုံး ကြိုးပမ်းလုပ်ဆောင်နေတာရှိပါတယ်။ SAC နဲ့လည်း ကျွန်တော်တို့ အဲဒီကိစ္စကို ကြားခံလူတွေကတဆင့် ညှိနှိုင်းထားတာတွေရှိပါတယ်”ဟု ဦးခိုင်သုခကပြောသည်။

ယခင်ကလည်း AA နှင့်ဆက်စပ်၍ သံသယဖြင့်ဖမ်းဆီးခံထားသူများကို ကြားခံများမှတစ်ဆင့် နှစ်ဖက်ညှိနှိုင်းပြီး လွတ်မြောက်စေခဲ့ကြောင်း ဦးခိုင်သုခကပြောသည်။

“ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် SAC(စစ်ကောင်စီ)နဲ့ ကျွန်တော်တို့ကြားမှာ ဘာတစ်ခုမှ သဘောတူညီချက်လက်မှတ်ထိုးထားတာမရှိပါ။ ဆိုတော့ အပစ်အခတ်ရပ်စဲထားတာကလည်း နှစ်ဖက်နားလည်မှုနဲ အပစ်အခတ်ရပ်စဲထားတာဖြစ်ပါတယ်။ ဆိုတော့ အကျဉ်းသားလွှတ်ပေးတာကလည်း ကြားခံလူတွေကတစ်ဆင့် နှစ်ဖက်ညှိနှိုင်းပြီးတော့ လွှတ်ပေးကြတာဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွင် AA နှင့်ဆက်စပ်သည့်ဟုဆိုကာ ဖမ်းဆီးခံထားရသူ(၄၆)ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သည်။

သို့သော် AA နှင့်ဆက်စပ်၍ ဖမ်းဆီးခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား(၅)ဦးမှာ ပြန်လည်လွတ်မြောက်ရာတွင် မပါဝင်သေးသဖြင့် အမြန်ဆုံးလွတ်မြောက်အောင် ဆောင်ရွက်ပေးရန် မိသားစုဝင်များကတောင်းဆိုသည်။

ကျောက်ဆိပ်ကျေးရွာမှ ဖမ်းဆီးခံရသူ ကိုညီညီအောင်၏မိခင် ဒေါ်နီနီက “တစ်ခါလာလည်း ရုံးချိန်းတယ်။ ၂ နှစ်လောက်ရှိပြီ။ အခုအချိန်ထိ မလွတ်မြောက်သေးဘူး။ နှစ်ဖက်ညှိနှိုင်းပြီးတော့ ကျွန်မသားကို အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်”ဟု ပြောသည်။

လက်ရှိတွင် AA နှင့်ဆက်စပ်သည့်သံသယဖြင့် အကျဉ်း‌ထောင်အသီးသီးတွင် ဖမ်းဆီးတရားစွဲခံထားရသူ ၇၀ ဦးခန့် ကျန်ရှိနေသေးကြောင်း စာရင်းပြုစုထားသူများ၏အချက်အလက်အရ သိရသည်။

ဗီဒီယိုများ