လေပြင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ကမ်းအနီးရှိ စစ်ဘေးရှောင်များ အမိုးအကာအရေးပေါ်လိုအပ်

စစ်ဘေးရှောင်များနေထိုင်နေသည့် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်အနီးတွင် လေပြင်းတိုက်ခိုက်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုတို့ကြောင့် စစ်ဘေးရှောင်များ အမိုးအကာအရေးပေါ်လိုအပ်နေလျက်ရှိနေကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRW)ထံမှ သိရသည်။

22 Mar 2022

Photo Credit - Lawkaykaw IDPS (KHRW)

DMG ၊ မတ် ၂၂

စစ်ဘေးရှောင်များနေထိုင်နေသည့် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်အနီးတွင် လေပြင်းတိုက်ခိုက်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုတို့ကြောင့် စစ်ဘေးရှောင်များ အမိုးအကာအရေးပေါ်လိုအပ်နေလျက်ရှိနေကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRW)ထံမှ သိရသည်။

ပြီးခဲ့သည့်ရက်များက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် သောင်းရင်းမြစ်အနီးရှိ စစ်ဘေးရှောင်နေထိုင်ရာ ယာယီတဲများပျက်စီးခဲ့ရကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRW)၏ တာဝန်ရှိသူတစ်ဦးမှဆိုသည်။

"မထင်မှတ်ဘဲ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သောင်ရင်းမြစ်ကမ်းပါးနဲ့ ထိုင်း-မြန်မာနယ်စပ် ဒူးပလာယာခရိုင်ရှိ စစ်ပြေးဒုက္ခသည်များ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရပါတယ်။ လေပြင်းတိုက်ခတ်မှုကြောင့် တာပေါ်လင်နှင့် ဝါးအထောက်အပံ့တွေနဲ့ပြုလုပ်ထားတဲ့ ယာယီအမိုးအကာတွေ ပျက်စီးခဲ့ပြီးတော့ ပစ္စည်းတွေလည်း ရေနစ်မြုပ်သွားခဲ့ပါတယ်"ဟု ၎င်းမှဆိုသည်။

ကေအန်ယူတပ်မဟာ(၆)နယ်မြေဖြစ်သည့် လေးကေ့ကော်၊ ဖလူးလေး၊ ရသေ့ဂူနှင့် မင်းလက်ပံတို့၌ မြန်မာစစ်တပ်၊ နယ်ခြားစောင့်တပ်(BGF)နှင့် KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံနှစ်သောင်းကျော်မှာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်အနီးနှင့် မဲဆောက်ဒေသစစ်ဘေးရှောင်စခန်းတို့၌ တိမ်းရှောင်နေကြရသည်။

လေးကေ့ကော်ဒေသခံ စစ်ဘေးရှောင်တစ်ဦးမှ "မနေ့က မိုးရွာပြီးတော့ သစ်ပင်တွေ တဲခေါင်မိုးတွေပေါ်လဲကျကုန်တယ်။ ယာယီတဲတွေက ဝါးနဲ့ဆိုတော့ဆွေးမြေ့နေပြီဖြစ်ပါတယ်။ မိုးရေတွေ တဲတွေထဲကို စိမ့်ဝင်သွားတယ်။ မိုးဒဏ်ကြောင့် ရွှေ့လျားဆေးခန်းက လောလောဆယ် ဆေးမကုနိုင်တော့ပါဘူး"ဟု ဆိုသည်။

ကေအန်ယူတပ်မဟာ(၆)နယ်မြေ ကော့ထရီးမြို့နယ်အတွင်းတွင် KNLA ပူးပေါင်းအဖွဲ့နှင့် မြန်မာစစ်တပ်ကြား တိုက်ပွဲထပ်မံဖြစ်ပွားနိုင်ခြေရှိနေကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့မှ ပြောဆိုထားသည်။

ဗီဒီယိုများ