ယခုနှစ်အတွင်း ရခိုင်တွင် လူကုန်ကူးမှု ဖြစ်ပွားခြင်းမရှိသေး

“အဓိကတော့ အလုပ်အကိုင်အခွင့်အလမ်းပေါ့။ လူငယ်တွေက သူတို့ဘဝ တိုးတက်ချင်တယ်။ ဒီနေရာမှာ အလုပ်အကိုင်မရှိတော့ အလုပ်အကိုင်အခွင့်အလမ်းသာတဲ့ နေရာတွေကို ရွှေ့ပြောင်းချင်တယ်။ သူတို့စိတ်ကူးတွေကို အကောင်အထည် ဖော်ချင်တယ်။ ဒီဒေသမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ များလာမယ်။ စက်ရုံအလုပ်ရုံတွေ များလာမယ်ဆိုရင်တော့ ဘယ်သူမှ ရွှေ့ပြောင်းသွားရောက် လုပ်ကိုင် နေမှာမဟုတ်ဘူး”

By အောင်ထိန် 13 Sep 2019

အောင်ထိန် | DMG

စက်တင်ဘာ ၁၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းတွင် ယခု ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းမှ လက်ရှိ စက်တင်ဘာလအထိ လူကုန်ကူးမှုဖြစ်ပွား ခဲ့ခြင်းမရှိကြောင်း ရခိုင်ပြည်နယ် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးဝင်းကိုကိုက ပြောသည်။

ယခင် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင် လူကုန်ကူးမှု ၁၄ မှုအထိရှိခဲ့ပြီး အသိပညာပေးမှုများလုပ်ဆောင် လာခြင်းကြောင့် ယခုနှစ်အတွင်း လူကုန်ကူးမှုလျော့နည်းလာခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

“ဒီနှစ်အတွင်းမှာတော့ အသိပညာပေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်တယ်။ လူကုန်ကူးမှု မဖြစ်ဖို့အတွက်လည်း ကျနော်တို့က စုံစမ်းအရေးယူ ဆောင်ရွက်နေတယ်။ အမှုကတော့ မရှိသေးဘူး” ဟု ရဲမှူးဝင်းကိုကိုက ပြောသည်။

မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ကျင်းပခဲ့သည်။

လူကုန်ကူးမှု ဖြစ်ပွားခြင်းသည် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်း၊ အသိပညာ နည်းပါးခြင်းတို့ကြောင့် ဖြစ်သည်ဟု ရခိုင်ပြည်နယ် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က ဆိုသည်။

“အဓိကတော့ အလုပ်အကိုင်အခွင့်အလမ်းပေါ့။ လူငယ်တွေက သူတို့ဘဝ တိုးတက်ချင်တယ်။ ဒီနေရာမှာ အလုပ်အကိုင်မရှိတော့ အလုပ်အကိုင်အခွင့်အလမ်းသာတဲ့ နေရာတွေကို ရွှေ့ပြောင်းချင်တယ်။ သူတို့စိတ်ကူးတွေကို အကောင်အထည် ဖော်ချင်တယ်။ ဒီဒေသမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ များလာမယ်။ စက်ရုံအလုပ်ရုံတွေ များလာမယ်ဆိုရင်တော့ ဘယ်သူမှ ရွှေ့ပြောင်းသွားရောက် လုပ်ကိုင် နေမှာမဟုတ်ဘူး” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် အလုပ်အကိုင်ရှားပါးမှု ပြဿနာကြောင့် ထိုင်း၊ မလေးရှား၊ တရုတ်၊ ဂျပန်၊ စင်္ကာပူ စသည့်နိုင်ငံများသို့ သွားရောက်သည့် ရွှေ့ပြောင်းလုပ်သားများ ပိုမိုများပြားလာသဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် တောင်းဆိုမှုများလည်း ရှိသည်။

ရခိုင်ပြည်နယ်အတွင်း လူကုန်ကူးမှုဖြစ်ပွားမှုရှိသည့် မြို့နယ်များတွင် မင်းပြား၊ ကျောက်တော်မြို့နယ်တို့ပါဝင်ပြီး လူကုန်ကူးမှုခံရသည့် ဖြစ်စဉ်များတွင် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသို့ လူကုန်ကူးခံရမှု အများဆုံးဖြစ်ကြောင်း သိရသည်။

ဗီဒီယိုများ