စစ်တွေတွင် အမှိုက်များကို စနစ်တကျထုတ်ပိုးပြီး ညနေပိုင်းမှသာ စွန့်ပစ်ကြရန်စည်ပင်သတိပေး

စစ်တွေမြို့တွင် အမှိုက်များကို ညနေငါးနာရီမှ ကိုးနာရီအတွင်းသာ စွန့်ပစ်ကြရန် စည်ပင်သာယာရေးအဖွဲ့က ဇွန်လ ၁၀ ရက်နေ့မှစတင်ကာ သတိပေးဆိုင်းပုဒ်များစိုက်ထူခဲ့သည်။

13 Jun 2022

အမှိုက်များကို စနစ်တကျပစ်ရန် စစ်တွေမြို့တွင်စိုက်ထူထားသော ဆိုင်းဘုတ်များကိုတွေ့ရစဉ်။ (ဓာတ်ပုံ - DMG)

DMG ၊ ဇွန် ၁၃

စစ်တွေမြို့တွင် အမှိုက်များကို ညနေငါးနာရီမှ ကိုးနာရီအတွင်းသာ စွန့်ပစ်ကြရန် စည်ပင်သာယာရေးအဖွဲ့က ဇွန်လ ၁၀ ရက်နေ့မှစတင်ကာ သတိပေးဆိုင်းပုဒ်များစိုက်ထူခဲ့သည်။

ထို့အပြင် လက်ရှိအမှိုက်ကျင်းများတွင် ခြံထွက်အမှိုက်များနှင့် စီးပွားရေးလုပ်ငန်းသုံးအမှိုက်များကို လုံးဝ မစွန့်ပစ်ရန်၊ အကယ်၍ စွန့်ပစ်လိုပါက မှန်စီအမှိုက်ကျင်းသို့ သွားရောက်ကာ မိမိအစီစဉ်ဖြင့်ဖြစ်စေ စည်ပင်သာယာရေးအဖွဲ့နှင့်ဆက်သွယ်၍ဖြစ်စေ စွန့်ပစ်ကြရန်ကိုလည်း ပန်ကြားထားသည်။

စည်ပင်သာရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက “နေ့ခင်းဘက်တွေမှာ အမှိုက်တွေပစ်ရင် အဲ့ဒီမှာ အကုန်ရှုပ်ပွကုန်တဲ့အတွက် ညနေပိုင်းမှပစ်ကြဖို့ ပြောရတာပါ။ အခုက အချိန်မရှိအခါမရှိ အမှိုက်တွေကို ပစ်နေတာကြောင့် အချိန်တစ်ခုသတ်မှတ်ပေးရတာပါ။ စည်းကမ်းမလိုက်နာတဲ့သူတွေကို အရေးယူတာတွေကတော့ နောက်ပိုင်းမှ လာမှာပေါ့ ” ဟု DMG သို့ ဖြေကြားခဲ့သည်။

လက်ရှိတွင်  စစ်တွေမြို့မှာ အမှိုက်များဖြင့်ရှုပ်ပွနေသည့်အတွက် ယခုကဲ့သို့ စတင်ဆောင်ရွက်ခြင်းမှာ ကောင်းမွန်သော်လည်း ပြည်သူများကို သတိပေးခြင်းအပြင် အရေးယူခြင်းများဖြင့်လည်း ထိန်းကျောင်း ဆောင်ရွက်သင့်ကြောင်း စစ်တွေဒေသခံ ဦးစိုးနိုင်က ဆိုသည်။

“စနစ်တစ်ခုကို လုပ်ပြီဆိုရင် စနစ်တကျနဲ့ ထိထိရောက်ရောက်တော့ လုပ်ဖို့လိုမယ်။ ဆိုင်းပုဒ်တွေ ထောင်ရုံလောက်နဲ့တော့ ပြီးသွားမှာမဟုတ်ဘူး။ ပြည်သူတွေကို စနစ်တကျဖြစ်အောင်ထိန်းကျောင်းနိုင်မှ ဒီစနစ်က အောင်မြင်နိုင်ပါလိမ့်မယ်” ဟု သူကသုံးသပ်ပြောဆိုသည်။

 စစ်တွေမြို့တွင် အမှိုက်ကျင်းများမှထွက်သည့် အနံ့သက်ဆိုးများနှင့် အမှိုက်များပြည့်လျှံနေသည့် အမှိုက်ပုံ/ကျင်း များကြောင့် ရွံစရာမြို့တစ်ခုကဲ့သို့ ဖြစ်နေပြီး တိကျသည့် အမှိုက်သိမ်းစနစ်တစ်ခု ဖော်ဆောင်ရန်ကိုလည်း ဒေသခံများကလိုလားနေကြသည်။

ပြည်နယ်စစ်ကောင်စီကလည်း စစ်တွေမြို့ပေါ်တွင် အမှိုက်ကျင်းများ/အမှိုက်ပုံများ ပပျောက်သွားရေးအတွက် ပုဂ္ဂလိက အမှိုက်သိမ်းစနစ်ကို အကောင်အထည်ဖော်ရန်ကြိုးပမ်းနေကြောင်း DMG သို့ ဖြေကြားထားသည်။

 မြို့ပေါ်ရပ်ကွက်ဆယ်ခုဖြစ်သည့် ပြည်တော်သာရပ်ကွက်၊ ကျေးပင်ကြီးရပ်ကွက်၊ မောလိပ်ရပ်ကွက်၊ အိုးတန်းရပ်ကွက်၊ မိဇံရပ်ကွက်၊ ရူပတောင်ရပ်ကွက်၊ ရူပမြောက်ရပ်ကွက်၊ ကျောင်းတက်လမ်းရပ်ကွက်၊ ဘောက်သီးစုရပ်ကွက်နှင့် မြို့သူကြီးရပ်ကွက်တို့တွင် ပုဂ္ဂလိက အမှိုက်သိမ်းစနစ်ကို အကောင်အထည် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းက ပြောဆိုထားသည်။

ထိုသို့ ပုဂ္ဂလိက အမှိုက်သိမ်းစနစ်ကို အကောင်ထည်ဖော်ဆောင်မည်ဆိုပါက တိကျသေချာသော အချိန်များကို သတ်မှတ်ရန်လိုကြောင်းနှင့် ငွေကြေးအခက်ခဲရှိသော အခြေခံလူတန်းစားများအနေဖြင့် အမှိုက်သိမ်းခ ပေးဆောင်နိုင်ခြင်းရှိ၊မရှိကို သတိပြုရန်လိုကြောင်း စစ်တွေဒေသခံ ဦးမိုးကျော်က သုံးသပ်ပြောဆိုသည်။

“အမှိုက်သိမ်းကားက လာချင်တဲ့အချိန်လာနေတာမျိုးတွေဖြစ်လို့မရဘူး။ လူတွေမရှိတဲ့အချိန်မှ လာနေလို့ရှိရင်လည်း ဒီအမှိုက်တွေက အမှိုက်ကျင်းတွေဆီကို ပြန်ရောက်သွားမှာပဲ ။နောက်ပြီး ဒီကာလမှာ အကုန်လုံးက ကျပ်တည်းကြတော့ ဝန်ဆောင်ခပေးတဲ့နေရာမှာ အများသူငါ တက်နိုင်တဲ့ဈေးနှုန်းဖြစ်ဖို့ကလည်း အရေးကြီးပါလိမ့်မယ် ” ဟု သူကဆိုသည်။

လက်ရှိကာလမှာ မိုးရာသီဖြစ်သည့်အတွက် အမှိုက်ပုံမှ အနံ့အသက်များမှာ ပိုမိုဆိုးရွားစွာ ထွက်လာနေပြီး စည်ပင်မှ အားလုံးကိုလိုက်လံမသိမ်းဆည်းနိုင်ခြင်းနှင့် ပြည်သူများကလည်း အမှိုက်ကို စနစ်တကျစွန့်ပစ်မှုမရှိသည့်အတွက်ကြောင့်ဖြစ်ကြောင်းကိုလည်း သူကထပ်လောင်းပြောဆိုခဲ့သည်။

စစ်တွေမြို့နယ်စည်ပင်သာယာရေးကော်မတီအနေဖြင့် တစ်ရက်လျှင် အမှိုက်သိမ်းယာဉ် ၁၅စီးဖြင့် မြို့တွင်းတွင် အခေါက်ရေ ၃၅ခေါက်အထိ သွားလာကာ သန့်ရှင်းရေးလုပ်ငန်းလုပ်ကိုင်နေကြောင်း ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ဒီဇင်ဘာလက စည်ပင်တာဝန်ရှိသူတစ်ဦးက ပြောဆိုထားသည်။

လက်ရှိဆောင်ရွက်နေသော အခြေအနေများနှင့်ပတ်သက်၍ စည်ပင်သယာရေးအဖွဲ့ထံ ဆက်သွယ် မေးမြန်းခဲ့သော်လည်း လက်ရှိအချိန်အထိ ဖြေကြားခြင်းမရှိသေးပေ။

ဗီဒီယိုများ