အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံထားရသည့် တောင်ကုတ်စည်ပင်ကော်မတီဥက္ကဋ္ဌအပါအဝင် ၄ ဦးကို ချုပ်ရမန်ယူ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ ရခိုင်အမျိုးသားပါတီ(ANP) ဒုတိယ ဥက္ကဋ္ဌအပါအဝင် ၄ ဦးကို ဇွန်လ ၁၆ ရက်နေ့တွင် သံတွဲမြို့နယ်တရားရုံးမှာ ချုပ်ရမန်ယူခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုထံမှသိရသည်။

By မျိုးမြင့်ဇော် 17 Jun 2020

မျိုးမြင့်ဇော် | DMG
ဇွန် ၁၆ ၊ သံတွဲ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ ရခိုင်အမျိုးသားပါတီ(ANP) ဒုတိယ ဥက္ကဋ္ဌအပါအဝင် ၄ ဦးကို ဇွန်လ ၁၆ ရက်နေ့တွင် သံတွဲမြို့နယ်တရားရုံးမှာ ချုပ်ရမန်ယူခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုထံမှသိရသည်။

အဆိုပါမြို့နယ်မှ ANP ဒုဥက္ကဋ္ဌ ဦးဝေသောင်း၊ စည်/ကော်ဥက္ကဋ္ဌ ဦးဇေယျကျော်နှင့် ၎င်း၏ညီဖြစ်သူ ဦးစည်သူကျော်ဇံ၊ စည်/ကော် ဥက္ကဋ္ဌ (ဟောင်း) ဦးစန်းငွေတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က)၊ ၅၂ (က)တို့ဖြင့် အမှုဖွင့်လှစ်ထားခြင်းဖြစ်သည်။

“ချုပ်ရမန်ယူသွားတာလောက်ပဲ သိရတယ်။ အကြမ်းဖက်ပုဒ်မနဲ့ ဘာကြောင့်အမှုဖွင့်ရတာတော့မသိဘူး” ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက ဆိုသည်။

၎င်းတို့ ၄ ဦးကို မေလ ၉ ရက်နေ့မှ ၂၅ နေ့အတွင်းတွင်ဖမ်းဆီးပြီး တောင်ကုတ်မြို့နယ်တရားရုံးမှာ ပထမ အကြိမ်ချုပ်ရမန်ယူခဲ့ကာ တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်သို့ခေါ်ဆောင်သွားခဲ့ပြီး အောင်သပြေစစ်ကြောရေး စခန်း၌ ထိန်းသိမ်းထားခဲ့ကြောင်း စွပ်စွဲခံရသူများထံမှ သိရသည်။

“ကျနော်ဟာ ရိုးရိုးသားသားနေခဲ့တာ၊ ကိုယ့်ကိုမှန်တာလုပ်ခဲ့တာ၊ တရားစီရင်ရေးမဏ္ဍိုင်ဟာ လွတ်လပ်စွာ လုပ်ဆောင်နိုင်မယ်ဆိုရင် ကျနော်တို့မှာဘာမှစိုးရိမ်စရာမရှိဘူး” ဟု တောင်ကုတ်မြို့ ANP ပါတီ ဒု-ဥက္ကဋ္ဌ ဦးဝေသောင်းက ဆိုသည်။

အဆိုပါလေးဦးကို ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တရားရုံး၌ ဒုတိယအကြိမ်ချုပ်ရမန်ယူခဲ့ပြီး ဇွန်လ ၂ ရက်နေ့တွင် သံတွဲမြို့သို့ခေါ်ဆောင်လာကာ တတိယအကြိမ်ချုပ်ရမန်ကို သံတွဲမြို့နယ်တရားရုံးမှာ ချုပ်ရမန် ယူခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယင်း ၄ ဦးအား အကြမ်းဖက်မှုဥပဒေပုဒ်မဖြင့် ယခုလ ၃၀ ရက်နေ့အထိ ချုပ်ရမန်ယူထားကြောင်း စွပ်စွဲ ခံရသူများထံမှ သိရသည်။

ဗီဒီယိုများ