တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့နယ်တွင် ရွာသား (၁၁)ဦး ပိတ်မိနေ

“တိုက်ပွဲဖြစ်တော့ သူတို့က ရွာသစ်ကျေးရွာကို ထွက်ပြေးသွားတယ်။ တိုက်ပွဲပြီးတော့ လိုအပ်တာတွေ ယူဖို့ပြန်လာတယ်။ ရွာထဲကိုရောက်တော့ စစ်သားတွေက ဘုန်းကြီးကျောင်းမှာ နေရာယူထားတော့ ပိတ်မိ သွားတယ်”

By ဝင်းညွန့် 07 Oct 2019

ဝင်းညွန့် | DMG

အောက်တိုဘာ ၇ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာအနီးတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အမျိုးသား (၈)ဦးနှင့် အမျိုးသမီး (၃) ဦးပိတ်မိနေသည်ဟု ဒေသခံများက ပြောသည်။

အောက်တိုဘာလ (၅) ရက်နေ့က သရက်ပြင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုရှိပြီးနောက် ရွာသူ၊ရွာသားများမှာ ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးလွတ်မြောက်သွားကြသော်လည်း ရွာသား (၁၁) ဦး ပိတ်မိနေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကဆိုသည်။

“တိုက်ပွဲဖြစ်တော့ သူတို့က ရွာသစ်ကျေးရွာကို ထွက်ပြေးသွားတယ်။ တိုက်ပွဲပြီးတော့ လိုအပ်တာတွေ ယူဖို့ပြန်လာတယ်။ ရွာထဲကိုရောက်တော့ စစ်သားတွေက ဘုန်းကြီးကျောင်းမှာ နေရာယူထားတော့ ပိတ်မိ သွားတယ်”ဟု ၎င်းကဆိုသည်။

ပိတ်မိနေသူများနှင့်အဆက်အသွယ်မရရှိသောကြောင့် အခြေအနေစောင့်ကြည့်နေရသည်ဟု ဘူးသီးတောင်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးအောင်သောင်းရွှေက ပြောသည်။

“ပိတ်မိနေတာတော့ ဟုတ်တယ်။ လောလောဆယ်ကတော့ သူတို့နဲ့ အဆက်အသွယ် မရသေးတဲ့အတွက် ကူညီမယ်ဆိုရင်လည်း ဘာလိုလုပ်ရမှန်းမသိဖြစ်နေတော့ အခြေအနေတစ်ခုကို စောင့်ကြည့်နေတယ်”ဟု၎င်းက ဆိုသည်။

ပိတ်မိနေသူများ၏ အခြေအနေကို သိရှိရန်အတွက် ရွာသို့သွားရန် ဒေသခံများက ကြိုးစားသော်လည်း တပ်မတော်က ပစ်ခတ်မှုများရှိနေသောကြောင့် မသွားရဲကြဟု ဒေသခံများက ပြောသည်။
သရက်ပြင်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်းကလည်း တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲဖြစ်ပွား မှုရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။

ဗီဒီယိုများ