ဒေသခံများ၏တောင်းဆိုချက်ကို မလုပ်ဆောင်ပေးမီ ကျောက်ဖြူ SEZ စီမံကိန်းရပ်ဆိုင်းထားရန် တောင်းဆို

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ အကောင်အထည်ဖော်မည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်(SEZ)စီမံကိန်း နှင့် ပတ်သက်ပြီး လူထုတွေ့ဆုံပွဲတစ်ရပ်ကို မတ်လ ၂၀ ရက်နေ့က ပြုလုပ်ခဲ့ပြီး စီမံကိန်းဧရိယာအတွင်းပါဝင် သည့် ဒေသခံများက အချက်(၅)ချက်ပါသည့် ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်တောင်းဆိုလိုက်သည်။

By ခိုင်မင်း 22 Mar 2020

ခိုင်မင်း(ကျောက်ဖြူ) | DMG
မတ်လ ၂၂ ၊ ကျောက်ဖြူ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ အကောင်အထည်ဖော်မည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်(SEZ)စီမံကိန်း နှင့် ပတ်သက်ပြီး လူထုတွေ့ဆုံပွဲတစ်ရပ်ကို မတ်လ ၂၀ ရက်နေ့က ပြုလုပ်ခဲ့ပြီး စီမံကိန်းဧရိယာအတွင်းပါဝင် သည့် ဒေသခံများက အချက်(၅)ချက်ပါသည့် ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်တောင်းဆိုလိုက်သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းနှင့်ပတ်သက်ပြီး ဒေသခံများ နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် (၁) နဂိုရှိနေသည့် ဓလေ့ထုံတမ်းမြေယာခွဲဝေမှုကို ဥပဒေအရ အသိအမှတ်ပြုပေးရန်၊ (၂) အထူးစီးပွားရေးဇုန် မတည်ဆောက်မီ ဒေသခံများနှင့်တွေ့ဆုံညှိနှိုင်းပြီး သဘောထားရယူရန်၊ (၃) ရေနက်ဆိပ်ကမ်းတည်ဆောက်မှု ကြောင့် လုပ်ကွက်ပျက်စီးသွားသည့် ရေလုပ်သားများအတွက် အလုပ်အကိုင်ဖန်တီးပေးရန်၊ (၄) စီမံကိန်း ဧရိယာအတွင်း ဒေသခံများပိုင်ဆိုင်သည့် ဒီရေတောများကို ရောင်းဝယ်ခြင်းများ၊ အမည်ပေါက်ရယူခြင်းများ ပြုလုပ်နေကြသည်ကို စီစစ်ပေးရန် နှင့် (၅) ထိုတောင်းဆိုချက်များကို မလုပ်ဆောင်ပေးမီကာလအတွင်း ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတည်ဆောက်မည့် လုပ်ငန်းစဉ်များကို ရပ်တန်းထားရန် စသည့် အချက် (၅) ချက်ကို တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ကျောက်ဖြူအထူးစီးပွားရေးဇုန်ဆိုင်ရာ လူထုတွေ့ဆုံပွဲကို လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် ဒေသခံများ စုစုပေါင်း ၅၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။

“ရေလုပ်သားတွေက အခုဆိုရင် လုပ်ကွက်တွေက တော်တော်ပျက်စီးနေပြီ။ ဆိုတော့ နောက်ထပ် ဒီရေနက် ဆိပ်ကမ်းကို တည်ဆောက်မယ်ဆိုလို့ရှိရင် လုပ်ကွက်ပျက်သွားမှာကို သူတို့ကစိုးရိမ်ကြတယ်။ ပျက်သွားတယ် ဆိုရင် သူတို့အတွက် အစားထိုးဖို့ အလုပ်အကိုင်အခွင့်အလမ်းကို ဖန်တီးပေးဖို့အတွက် တောင်းဆိုကြတယ်” ဟု ကျောက်ဖြူအထူးစီးပွားရေးဇုန် စောင့်ကြည့်ရေးအဖွဲ့ ဦးဆောင်ကော်မတီဝင် ကိုထွန်းကြည် က ပြောသည်။

လက်ရှိမှာ အထူးစီးပွားရေးဇုန်ကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်နေသူများနှင့် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသူ များမှာ အလုပ်လက်မဲ့ ဖြစ်နေကြရကြောင်း မဒေးကျွန်းဒေသခံများထံက သိရသည်။

ကျောက်ဖြူမြို့နယ် မဒေးကျွန်းဒေသခံ ဦးခင်မောင်ညွှန့်က “သင်္ဘောတွေဝင်လာလို့ရှိရင် ကျနော်တို့ရေလုပ်သား တွေအတွက် အဆင်မပြေဘူး။ ဒါကြောင့် အလုပ်နဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင် တာဝန်ယူမှု တာဝန်ခံမှုနဲ့ ကျနော် တို့ရဲ့ အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်ဖို့ ကမ်းနီးမဖမ်းရရင်တောင် ကမ်းဝေးမှာ ဖမ်းလို့ရအောင် စနစ်တကျနဲ့ လုပ်ပေးစေချင်တယ်” ဟု ဆိုသည်။

ထို့အပြင် စီမံကိန်းလုပ်ငန်းခွင်များအတွင်း ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်ကြောင်းလည်း ၎င်းက ဆက်လက်ဆိုသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ တည်ဆောက်မည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို ပထမအဆင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖြင့် စတင်အကောင်အထည်ဖော်ရန် ညှိနှိုင်းဆောင်ရွက်နေပြီး ရေနက် ဆိပ်ကမ်းစီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း ၃၀ ဖြင့် အကောင်အထည်ဖော်သွားမည်ဟု မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ကျောက်ဖြူ SEZ ကို တရုတ်နိုင်ငံ CITIC ကုမ္ပဏီက ရှယ်ယာ ၇၀ ရာခိုင်နှုန်းနှင့် မြန်မာဘက်က ၃၀ ရာခိုင်နှုန်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်းကို CITIC ကုမ္ပဏီက ၅၁ ရာခိုင်နှုန်း မြန်မာဘက်က ၄၉ ရာခိုင်နှုန်းဖြင့် ရင်းနှီးမြှုပ်နှံ သွားမည်ဟု မြန်မာနိုင်ငံ စီးပွာရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောဆိုထားသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာ ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ အဆင့်မြင့်အိမ်ယာစီမံကိန်းများ ပါဝင်မည်ဖြစ်ပြီး ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် မြေဧက ၆၀၀ ကျော်၊ စက်မှုဇုန်စီမံကိန်းအတွက် မြေဧက ၂၄၀၀ ကျော်နှင့် အဆင့်မြင့်အိမ်ယာစီမံကိန်းအတွက် မြေဧက ၁၂၀၀ ကျော်အသုံးပြုသွားမည် ဖြစ်သည်။

ဗီဒီယိုများ