တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးမပြည့်မီမှုအပေါ် သံတွဲလွှတ်တော်အမတ် မေးခွန်းထုတ်

“သံတွဲမြို့နယ်အတွင်းမှာ တင်ဒါအောင်မြင်တဲ့ကုမ္ပဏီတချို့ဟာ ကျွမ်းကျင်တဲ့အင်ဂျင်နီယာများ မပါရှိဘဲ တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ကြီးကြပ်ရေးကော်မတီ၊ မြို့နယ် စီမံခန့်ခွဲရေးကော်မတီ၊ Third Party တို့မှလည်း ပူးပေါင်းကြီးကြပ်ဆောင်ရွက်မှု အားနည်းတာကို တွေ့ရှိရပါတယ်” ဟု သံတွဲလွှတ်တော်အမတ် ဦးမင်းကြည်က ပြောသည်။

By စုမွန် 16 Sep 2019

စုမွန် | DMG
စက်တင်ဘာ ၁၆ ၊ စစ်တွေ

ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်းမှ တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းနှင့် အရည်အသွေးမပြည့်မီမှုအပေါ် ယနေ့စက်တင်ဘာလ ၁၆ ရက်နေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် သံတွဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းကြည်က မေးခွန်းမေးမြန်းခဲ့သည်။

တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွန်းနှင့် အရည်အသွေးပြည့်မီရန်အတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအပေါ် မည်ကဲ့သို့ အထူးကြပ်မတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း ဦးမင်းကြည်က မေးမြန်းခဲ့ခြင်းဖြစ်သည်။

ဦးမင်းကြည်၏ မေးမြန်းမှုအပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက တင်ဒါခေါ်ယူ၍တင်သွင်းသော ကုမ္ပဏီများအား နည်းပညာဆိုင်ရာစစ်ဆေးမှုကို ပြည်နယ်အစိုးရအဖွဲ့၊ တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ ဦးစီးစီစစ်အကဲဖြတ်ခြင်းများ ဆောင်ရွက်ကြောင်း၊ သက်ဆိုင်ရာ ကုမ္ပဏီများက စာချုပ်ပါစည်းမျဉ်း၊ စည်ကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်မှု မရှိခြင်းနှင့် ပျက်ကွက်ခြင်းများ ပေါ်ပေါက်လာပါက စာချုပ်ပါစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

“တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စံချိန်စံညွှန်းပြည့်မီစွာနဲ့ အချိန်မီပြီးစီးရန်အတွက် ပြည်နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီတစ်ရပ်ဖွဲ့စည်းပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်” ဟု ဝန်ကြီး ဦးကျော်လင်းကဆိုသည်။

ထို့ပြင် ကျွမ်းကျင်အင်ဂျင်နီယာများ ခရိုင်များအလိုက် Third Party အဖွဲ့အစည်းများငှားရမ်း၍ စစ်ဆေးရန်တာဝန်ပေးအပ်ထားပြီး အဂတိကင်း၍ နည်းပညာပိုင်းမှန်ကန်စွာ စစ်ဆေးမှုရှိ၊ မရှိကို ပြည်နယ်တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးရေးကော်မတီအဖွဲ့လက်အောက်တွင် Third Party အဖွဲ့အစည်းက စနစ်တကျ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းကပြောသည်။

သံတွဲမြို့နယ်အတွင်း ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုမှချပေးသည့် စာသင်ကျောင်း (၃၀) ထဲမှ ဆောက်လုပ်ပြီးကျောင်းများမှာ တစ်နှစ်မပြည့်မီ အုတ်နံရံများကွဲအက်နေခြင်း၊ စာသင်ကျောင်းမျက်နှာကြက်များမှာ မိုးယိုပျက်စီးနေခြင်း၊ သံထောက်တိုင်များကွာဟနေခြင်း၊ ကမ်းထိန်းနံရံတွေပြိုကျပြီး လမ်းများပဲ့ပါ သွားခြင်းတို့ရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းကြည်က ဆိုသည်။

“သံတွဲမြို့နယ်အတွင်းမှာ တင်ဒါအောင်မြင်တဲ့ကုမ္ပဏီတချို့ဟာ ကျွမ်းကျင်တဲ့အင်ဂျင်နီယာများ မပါရှိဘဲ တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ကြီးကြပ်ရေးကော်မတီ၊ မြို့နယ် စီမံခန့်ခွဲရေးကော်မတီ၊ Third Party တို့မှလည်း ပူးပေါင်းကြီးကြပ်ဆောင်ရွက်မှု အားနည်းတာကို တွေ့ရှိရပါတယ်” ဟု ဦးမင်းကြည်က ပြောသည်။

ထို့အပြင် စာသင်ကျောင်းများ၊ လမ်းများ၊ Box Cover များနှင့် တံတားများမှာ လုပ်ငန်းဆိုင်ရာနည်းပညာနှင့် အရည်အသွေးညံ့ဖျင်းခြင်း၊ စံချိန်စံညွန်းသတ်မှတ်ချက်နှင့် မပြည့်မီခြင်းတို့ကြောင့် တင်ဒါအောင် ကုမ္ပဏီတချို့သည် စာချုပ်ပါစည်းကမ်းချက်များကို လိုက်နာမှုမရှိဘဲ ဆောင်ရွက်နေကြောင်း ၎င်းကပြောသည်။

ထို့ကြောင့် နိုင်ငံတော်၏ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးနေရပြီး ဒေသခံပြည်သူများ၏ တစ်သက်တွင် တစ်ခါရသည့် အခွင့်အလမ်းများမှာလည်း အချိန်တိုအတွင်း လျင်မြန်စွာပျက်စီးနေရကြောင်း ဦးမင်းကြည်က ယနေ့ပြည်သူ့လွှတ်တော်တွင် ပြောဆိုခဲ့သည်။

ဗီဒီယိုများ