ရခိုင်မြောက်ပိုင်းက တောင်သူအများအပြား စိုက်ပျိုးရေးချေးငွေ ပြန်မဆပ်နိုင်သေး

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များမှ တောင်သူအများအပြားမှာ ၂၀၁၉ ခုနှစ်က ချေးခဲ့သည့် မိုးစပါးစိုက်ပျိုးရေးစရိတ် ချေးငွေများကို ပြန်မဆပ်နိုင်ကြသေးကြောင်း သတင်းရရှိသည်။

By ခင်သရဖီဦး 29 May 2020

ရခိုင်တွင် ၂၀၁၉ ခုနှစ်က ထွန်းယက်မစိုက်ပျိုးနိုင်ခဲ့သည့် လယ်မြေနှင့် စိုက်ပျိုးပြီး မရိတ်သိမ်းနိုင်ခဲ့သည့် လယ်မြေဧက စုစုပေါင်း ၅ သောင်းခန့်အထိရှိခဲ့သည်။

ခင်သရဖီဦး | DMG
မေ ၂၈ ၊ စစ်တွေ

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များမှ တောင်သူအများအပြားမှာ ၂၀၁၉ ခုနှစ်က ချေးခဲ့သည့် မိုးစပါးစိုက်ပျိုးရေးစရိတ် ချေးငွေများကို ပြန်မဆပ်နိုင်ကြသေးကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ၂၀၁၉ ခုနှစ် မိုးစပါးချေးငွေအား ပြန်လည်ပေးဆပ်သူ အနည်းငယ်သာရှိသေးပြီး တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် စစ်တွေခရိုင်နှင့် မြောက်ဦးခရိုင်အတွင်းမှ တောင်သူလယ်သမားများမှာ ချေးငွေပြန်ဆပ်မှု အနည်းဆုံးဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရခိုင်ပြည်နယ်ဘဏ်ခွဲ)မှ မန်နေဂျာ ဦးအေးသိန်းက DMG သို့ ပြောသည်။

“အဓိက ချေးငွေအဆပ်နည်းနည်းနေတာက ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ ကျောက်တော်၊ မြေပုံမြို့နယ်တွေက ဆပ်တာနည်းတယ်။ ကျန်တဲ့မြို့နယ်တွေက ပုံမှန်လေး ဆပ်နေကြပါတယ်။ တောင်ပိုင်းအနေအထားကတော့ တိုက်ပွဲမရှိတာကြောင့် ချေးငွေကတော့ပုံမှန်ပါပဲ။ အခုကတော့ တဖြည်းဖြည်းဆပ်နေကြတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်က မိုးစပါးချေးငွေ (ကျပ် ၇၉ ဒသမ ၈၅ ဘီလီယံ)အား လယ်သမားများကို ထုတ်ချေးပေးခဲ့ရာ ယခု ၂၀၂၀ ခုနှစ် မေလ ၂၇ ရက်နေ့အထိ ချေးငွေပြန်ဆပ်မှုမှာ (၁၁ ဒသမ ၁၀ ဘီလီယံ) ခန့်သာ ရှိသေးကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရခိုင်ပြည်နယ်ဘဏ်ခွဲ)မှ သိရသည်။

“ယနေအထိ ကောက်ခံရရှိတဲ့ငွေကျတော့ (၁၁ ဒသမ ၀၉ ဘီလီယံ)ပဲ ရရှိသေးတာကြောင့် (၆၈ ဒသမ ၇၅ ဘီလီယံ) ကောက်ခံဖို့ ကျန်ရှိနေတာဖြစ်ပါတယ်။ ကောက်ခံရရှိမှုက ၁၄ ရာခိုင်နှုန်းလောက်ပဲ ကောက်ခံရရှိသေးတာပါ” ဟု ဦးအေးသိန်းက ဆက်ပြောသည်။

ယခု ၂၀၂၀ ခုနှစ်အတွက် မိုးစပါးစိုက်ပျိုးရေးစရိတ်ချေးငွေကို မေလ ၁၅ ရက်နေ့မှစတင်၍ ထုတ်ချေးပေးလျက်ရှိရာ ချေးငွေပြန်လည်ပေးဆပ်လာသည့် မြို့နယ် (၁၁)မြို့နယ်မှ တောင်သူ ၁၆၄၉ ဦးအား ငွေကျပ် (၁ ဒသမ ၁၉ ဘီလီယံ) ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရခိုင်ပြည်နယ်ဘဏ်ခွဲ)၏ မေလ ၂၇ ရက်နေ့အထိ စာရင်းအရ သိရသည်။

ထိုသို့ မိုးစပါးစိုက်ပျိုးရေးစရိတ်ချေးငွေများကို တောင်သူလယ်သမားများအနေဖြင့် နှစ်စဉ် ဧပြီလ ၁၅ ရက်နေ့ နောက်ဆုံးထားကာ ပေးဆပ်ကြရပြီး ယခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ချေးငွေပြန်ဆပ်ရမည့်ရက်ကို မေလ ၃၀ ရက်နေ့အထိ ရွှေ့ဆိုင်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ပျိုးရေးစရိတ်ချေးငွေများကို လယ်တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းထားဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ နှစ်စဉ်ထုတ်ချေးပေးလျက်ရှိကာ ရခိုင်ပြည်နယ်အတွင်းတွင် အဆိုပါချေးငွေအားယူသည့် တောင်သူဦးရေမှာ နှစ်စဉ် တစ်သိန်းကျော်အထိရှိကြောင်း သိရသည်။

၂၀၁၉ ခုနှစ်ကချေးယူထားသည့် ချေးငွေများကို ပြန်မဆပ်လျှင် ယခု ၂၀၂၀ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကို မရရှိနိုင်သဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ တောင်သူများမှာ ၎င်းတို့ဆပ်ရမည့်ချေးငွေများကို ကင်းလွတ်ခွင့်ပေးရန် မတ်လအတွင်းက တောင်းဆိုထားကြသည်။

တိုက်ပွဲဧရိယာအတွင်းရှိ တောင်သူများမှာ စပါးမစိုက်ပျိုးရခြင်း၊ စိုက်ပျိုးပြီးစပါးများ မရိတ်သိမ်းနိုင်ခြင်းတို့အပြင် အချို့တောင်သူများမှာ ရရှိလာသည့်စပါးများကို အရောင်းအဝယ် မပြုလုပ်နိုင်ခြင်းတို့ကြောင့် ချေးငွေပြန်ဆပ်ရန် အခက်အခဲဖြစ်ပေါ်နေကြခြင်း ဖြစ်သည်။

“အချိန်မှီ မရိတ်သိမ်းရတာကြောင့် စပါးအထွက်နှုန်းကျတာတစ်ခု၊ နောက်ပြီး ကျနော်တို့ဒေသမှာရှိတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် စပါးတွေနဲ့ ဘယ်မှသွားလို့မရဘူး။ အရောင်းအဝယ်လုပ်လို့မရဘူး။ အဲဒါကြောင့် ကျနော်တို့ လယ်သမားတွေမှာ ပြန်ဆပ်မယ့်ငွေက အခက်အခဲရှိနေပါတယ်” ဟု ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှ တောင်သူ ဦးမောင်ကျော်မြက DMG သို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ၂၀၁၉ ခုနှစ်က ထွန်းယက်မစိုက်ပျိုးနိုင်ခဲ့သည့် လယ်မြေနှင့် စိုက်ပျိုးပြီး မရိတ်သိမ်းနိုင်ခဲ့သည့် လယ်မြေစုစုပေါင်းမှာ ဧက ၅ သောင်းခန့်အထိရှိခဲ့ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂကက ထုတ်ပြန်ထားသည်။

ဗီဒီယိုများ