တပ်တောင်တိုက်နယ်ဆေးရုံတွင် ဝန်ထမ်း ၃ ဦး ကိုဗစ်ပိုးတွေ့ရှိ၍ ဆေးရုံကို အဝင်အထွက်ကန့်သတ်ထား

အမ်းမြို့နယ်၊ တပ်တောင် တိုက်နယ်ဆေးရုံမှ ဝန်ထမ်း ၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသဖြင့် ဒီဇင်ဘာလ ၁၅ ရက်နေ့ကစ၍ ဆေးရုံကို အဝင်အထွက် ကန့်သတ်ထားကြောင်း တပ်တောင်တိုက်နယ်ဆေးရုံ ဆရာဝန်ကြီးထံမှ သိရသည်။

By ကျော်သူဌေး 16 Dec 2020

ဓါတ်ပုံ - မြောက်ဦးမြို့တွင် ကိုဗစ်ပိုးစစ်ဆေးနေကြသည့် ဆေးရုံဝန်ထမ်းများအား တွေ့ရစဉ်။

ကျော်သူဌေး | DMG
ဒီဇင်ဘာ ၁၆၊ စစ်တွေ

အမ်းမြို့နယ်၊ တပ်တောင် တိုက်နယ်ဆေးရုံမှ ဝန်ထမ်း ၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသဖြင့် ဒီဇင်ဘာလ ၁၅ ရက်နေ့ကစ၍ ဆေးရုံကို အဝင်အထွက် ကန့်သတ်ထားကြောင်း တပ်တောင်တိုက်နယ်ဆေးရုံ ဆရာဝန်ကြီးထံမှ သိရသည်။

သို့သော် ဆေးရုံတစ်ခုလုံးကို လော့ဒေါင်းချလိုက်ခြင်းမျိုးမဟုတ်ဘဲ ရောဂါပိုးပျံ့နှံ့မည်ကို စိုးရိမ်သဖြင့် အသွားအလာ ကန့်သတ်လိုက်ခြင်းသာဖြစ်ပြီး အရေးပေါ်ဖြစ်၍ ဆေးရုံသို့ လာပြလိုလျှင် ဆေးရုံထဲတွင် Quarantine ဝင်ရမည်ဖြစ်ကြောင်း အဆိုပါဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာ ညီညီအောင်က ပြောသည်။

“တကယ်လို့ အရေးပေါ်ပြရမယ်ဆိုရင်တော့ ပြချင်ရင် လာပြလို့ရတယ်။ လောလောဆယ်ကတော့ ပြင်ပက ဆေးကုဖို့လာလို့ရှိရင် Q ဝင်ရမယ်။ မသိသူတွေက ဝင်ချင်သလို ဝင်လာလို့ရှိရင် အားလုံးဒုက္ခရောက်မှာစိုးလို့ အဝင်အထွက်ကန့်သတ်ထားတာပါ။ Lookdown လို့ ပြောလို့မရဘူး” ဟု ၎င်းက ဆက်၍ ရှင်းပြသည်။

အဆိုပါ ဆေးရုံ၌ ကျန်းမာရေးဝန်ထမ်း ၁၃ ဦးသာ တာဝန်ထမ်းဆောင်နေလျှက်ရှိပြီး ယခုပိုးတွေ့လူနာ ၃ ဦးကို ဆေးရုံတွင် အသွားအလာကန့်သတ်ထားရှိပြီး ၎င်းတို့နှင့်ထိတွေ့မှုရှိခဲ့သူများကို ပထမအကြိမ်စစ်ဆေးရာ ပိုးမတွေ့ရှိကြောင်း တပ်တောင်တိုက်နယ်ဆေးရုံမှ သိရသည်။

“ထိတွေ့မှုရှိခဲ့တဲ့ သူတွေကို နှစ်ကြိမ်စစ်ဆေးလို့ ရောဂါကင်းရှင်းမှ ဆေးရုံပြန်လည်ပတ်နိုင်မှာဖြစ်တယ်” ဟု ဒေါက်တာက ဆိုသည်။

ယင်းဆေးရုံကို မှီခိုအားထားနေရသည့် ကျေးရွာပေါင်း ၁၀၀ ခန့်မှ လူဦးရေ ငါးသောင်းခန့်ရှိပြီး၊ သူတို့မှာ တိုက်နယ်ဆေးရုံ၌ ဆေးကုသမှုခံယူ၍ မရရှိသဖြင့် အမ်းမြို့ပေါ်သို့ သွားရောက်ကာ ဆေးကုသမှု ခံယူနေရကြောင်း ဒေသခံများထံမှ သိရသည်။

“မနေ့ညက ကလေးမွေးမယ့် ကိုယ်ဝန်ဆောင်တွေကို ဆေးရုံကလက်မခံဘဲ အမ်းကို လွှတ်လိုက်တာတွေ ရှိတယ်။ တခြားရောဂါတွေနဲ့ ကုသမှုခံယူမယ်ဆိုင်ရင်လည်း တပ်တောင်တိုက်နယ်ဆေးရုံမှာ မရနိုင်တော့ဘူးပေါ့။ အမ်းမြို့ကိုက သွားရတဲ့ခရီးကဝေး၊ လမ်းကမကောင်း ” ဟု အမ်းဒေသခံ ကိုမျိုးလွင်ကဆိုသည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့စာရင်းအရ ကိုဗစ်-၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၃၉၆၆ ဦးရှိပြီး သေဆုံးသူ ၃၄ ဦးအထိရှိကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဗီဒီယိုများ