ကြည့်မြင်တိုင်သပိတ်ကို မြန်မာစစ်ကားဝင်တိုက်ပစ်ခတ်ဖမ်းဆီး လူငယ် ၂ ဦးသေဆုံး အများအပြားဒဏ်ရာရ

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်၌ မနေ့ ဒီဇင်ဘာ ၅ ရက် နံနက် ၈ နာရီအချိန်တွင် ပန်းပင်ကြီး လမ်းပေါ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲအတွင်းကို စစ်ကောင်စီ ကားတစ်စီးမှ အရှိန်ပြင်းမောင်းနှင်ကာ ဝင်ရောက်တိုက်ခဲ့ပြီး သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ ဆန္ဒပြလူငယ် ၂ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။

06 Dec 2021

ပုံစာ - ကြည့်မြင်တိုင်မြို့နယ် ဆန္ဒပြပွဲသပိတ်အတွင်း စစ်ကောင်စီတပ်ကားမှ ဝင်ရောက်တိုက်ခိုက်ပြီး ဖမ်းဆီးမှုပြုလုပ်ခဲ့စဉ်

DMG ၊ ဒီဇင်ဘာ ၆

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်၌ မနေ့ ဒီဇင်ဘာ ၅ ရက် နံနက် ၈ နာရီအချိန်တွင် ပန်းပင်ကြီး လမ်းပေါ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲအတွင်းကို စစ်ကောင်စီ ကားတစ်စီးမှ အရှိန်ပြင်းမောင်းနှင်ကာ ဝင်ရောက်တိုက်ခဲ့ပြီး သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ ဆန္ဒပြလူငယ် ၂ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်အဖြစ် လူငယ်များမှပြုလုပ်နေစဉ် ဆန္ဒပြပွဲအနောက်မှနေပြီး စစ်ကားဖြင့် အရှိန်အပြင်းဝင်ရောက်တိုက်မှုကြောင့် လူငယ်သုံးဦးမှာ ကားအောက်ရောက်သွားခဲ့ကာ ကျန်လူငယ်များကို စစ်ကောင်စီတပ်သားများမှ သေနတ်ဖြင့်ပစ်ခတ်ပြီး ဖမ်းဆီးခဲ့ကြောင်း ကြည်မြင့်တိုင်မြို့နယ်တွင် နေထိုင်သူဒေသခံတစ်ဦးက DMG ကို ပြောသည်။  

"လူငယ်တွေက ဆန္ဒပြပွဲလုပ်နေတာ ပုံမှန်ပဲပေါ့။ ဒါပေမဲ့ ဒီနေ့ကျတော့မှ ဘယ်ကနေ သတင်းပေးလိုက်လဲကို မသိလိုက်တာ။ အဲတာ အနောက်ကနေစစ်ကားနဲ့ လိုက်တိုက်ပြီးဖမ်းတာ။ စစ်သားတွေကောရဲတွေကောပဲ။ မမိတဲ့သူတွေကို သေနတ်နဲ့ပစ်ပြီး လိုက်ဖမ်းတာတွေရှိတယ်။ ကားအောက်ရောက်သွားတဲ့သူကတော့ သေမလားရှင်မလားမသိရဘူး။" ဟု အဆိုပါဒေသခံက ပြောသည်။

ထိုစစ်ကောင်စီတပ်ကားတိုက်၍ ဖမ်းဆီးမှုအတွင်း လူငယ်နှစ်ဦးမှာ ကားအရှေ့ဖုံးဖြင့် ထိခိုက်မှုကြောင့် အဝေးသို့လွှင့်စင်ကာ သေဆုံးခဲ့ရပြီး သုံးဦးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်းနှင့်  လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း ဆန္ဒပြပွဲအတွင်းပါဝင်သည့် လူငယ်တစ်ဦးနှင့်နီးစပ်သူ မိသားစုဝင်တစ်ဦးက ဆိုသည်။

" ဆန္ဒပြပွဲလုပ်မယ်ဆိုလို့ သူတို့တွေထွက်သွားကြတာ။ ဒါပေမဲ့အခုလောက်အထိ ဖြစ်လိမ့်မယ်လို့ကို မထင်မှတ်တာပါ။ အခုသေတဲ့သူလဲသေပြီ။ အဖမ်းခံရတဲ့သူကလဲ ၁၀ ဦးကျော်လောက်ရှိတယ်။" ဟု အဆိုပါနီးစပ်သူမိသားစုဝင်တစ်ဦးက ဆိုသည်။

ထိုဖမ်းဆီးခံရသူ ၁၁ ဦးကို လက်ရှိမှာ ကြည့်မြင်တိုင်ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး တချို့ကို စစ်ကြောရေးနေရာများသို့ ပို့ဆောင်လိုက်ကြောင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသည့် မိသားစုများမှ ပြောဆိုထားသည်။

ဖမ်းဆီးခံရသူများထဲမှ ဒဏ်ရာရရှိသူအတွက် ထွက်မပြေးဘဲ အားပေးရင်း ကုသပေးရန် ကြိုးစားသူတစ်ဦးဖြစ်သည့် မမြကြူကြူသင်းမှာ ကြက်ခြေနီစေတနာ့ဝန်ထမ်းတစ်ဦးဖြစ်ပြီး သေဆုံးသူမောင်အာကာကျော်နှင့် ညီမဖြစ်သူမယဉ်မေအောင်တို့နှင့် သူငယ်ချင်းများဖြစ်ကြောင်း မိသားစုများထံက သိရသည်။

ထို့အပြင် ဖမ်းဆီးခံရသူများနှင့် ဒဏ်ရာရရှိသူ၊ သေဆုံးသူများ၏ ဓာတ်ပုံမှတ်တမ်း လိုက်လံယူသူများကိုလည်း စစ်ကောင်စီတပ်များမှ ဖမ်းဆီးရန်ကြိုးစားနေကြောင်း ဒေသခံများထံမှ သိရသည်။

DMG မှ ရရှိသည့်အချက်အလက်များအရ ကြည့်မြင်တိုင်မြို့နယ် သပိတ်နဲ့ပက်သက်သည်ဟုဆိုပြီး ရန်ကုန်တိုင်း သန်လျင်၊ လှိုင်၊ စမ်းချောင်းနှင့် ကြည့်မြင်တိုင်မြို့နယ်များတွင် မနေ့ ဒီဇင်ဘာ ၅ ရက် ည ၁၁ နာရီကျော်အချိန်၌ စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့မှ လူငယ် ၃၀ ဦး ထက်မနည်း အတင်းအကျပ်အဖမ်းအဆီးမှုများရှိကြောင်း ဒေသခံများမှ သတင်းပေးပို့ထားသည်။

ထိုဖမ်းဆီးမှုအတွင်း သတင်းသမားနှစ်ဦးဖြစ်သည့် သတင်းထောက် ကောင်းဆက်လင်းနှင့် ရုပ်သံသတင်းထောက်မှူး ရတနာခက်မို့မို့ထွန်းတို့အနက် စစ်ကောင်စီတပ်၏ ကားတိုက်မှုကြောင့် ရတနာခက်မို့မို့ထွန်းမှာ အပြင်းအထန်ဒဏ်ရာရရှိထားကာ မြန်မာစစ်တပ်ကုတင်၂၀၀ ဆေးရုံသို့ တင်ပို့ထားရပြီး မိသားစုဝင်များလာရောက်ရန် ကြိုးစားနေကြောင်းနှင့် ကိုကောင်းဆက်လင်းမှာ စစ်ကောင်စီတပ်များ၏ ဖမ်းဆီးခြင်းခံထားရကြောင်း Myanmar Press Photo Agency သတင်းဌာနမှ သတင်းထုတ်ပြန်သည်။

ကြည့်မြင်တိုင်ဖြစ်ရပ်နှင့်ပတ်သက်ပြီး အသက်သေဆုံးမှုများ မရှိကြောင်းနှင့် ဒဏ်ရာရရှိသူများကို စစ်ဆေးရုံတွင် ကုသနေကြောင်း မြန်မာစစ်တပ်ဘက်က မနေ့က ပြန်လည် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ရန်ကုန်မြို့တွင်း၌ လုံခြုံရေးတပ်ဖွဲ့များမှ သေနတ်နှင့်ပစ်၊ ကားနှင့်တိုက်၍ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများစွာ သေဆုံးရသည့် သတင်းများကြောင့် စစ်ကောင်စီတပ်၏ လုပ်ရပ်များအပေါ် မိမိတို့ ထိတ်လန့်တုန်လှုပ်မိရပြီး ငြိမ်းချမ်းစွာဆန္ဒပြသည့် မြန်မာပြည်သူတို့၏ အခွင့်အရေးကို မိမိတို့ထောက်ခံအားပေးကြောင်း ဆိုထားသည်။

ထို့အပြင် မြန်မာစစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် ရက်စက်စွာအကြမ်းဖက်နေမှုများသည် မြန်မာနိုင်ငံ၏ အားလုံးပါဝင်သော ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိ‌ရေးအတွက် အရေးတကြီး လိုအပ်နေကြောင်း မီးမောင်းထိုးပြနေပြီး လွတ်လပ်မှုနှင့် ဒီမိုကရေစီအတွက် လိုလားတောင်းတနေသော မြန်မာပြည်သူများနှင့်အတူ မိမိတို့အတူတကွရပ်တည်နေကာ အကြမ်းဖက်မှုများအဆုံးသတ်ရန်၊မတရားဖမ်းဆီးထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးရန်နှင့် ပြည်သူတို့၏ဆန္ဒကို လေးစားတန်ဖိုးထားရန် စစ်အာဏာရှင်ကို တောင်းဆိုကြောင်း အမေရိကန်သံရုံးစာမျက်နှာတွင် ဖော်ပြသည်။

စစ်ကားဖြင့် လိုက်တိုက်ပြီး ပစ်ခတ်မှုများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ အပြင်းအထန်ရှုံချလိုက်ကာ စစ်ကောင်စီတပ်များအပေါ် ပြည်သူများအနေဖြင့် အသိတရားဖြင့် ကာကွယ်ပိုင်ခွင့်ရှိပြီး လူ့အခွင့်အရေးချိုးဖောက်ခံရသူများအတွက် အထောက်အထားများရှာဖွေခြင်းနှင့် နိုင်ငံတကာရာဇဝတ်ရုံးများထံသို့ တရားစွဲဆိုအရေးယူနိုင်ရန် ပြည်သူများနှင့် အတူလက်တွဲ၍ ဖော်ဆောင်သွားမည်ဟု ကြေငြာထားသည်။

ကြည့်မြင်တိုင် သပိတ်ဖြိုခွဲခံရမှုကြောင့် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် အပါအဝင် သန်လျင်၊ တနင်္သာရီတိုင်း လောင်းလုံမြို့၊ မကွေးတိုင်းမြိုင်မြို့မှစပြီး တနိုင်ငံလုံးမှမြို့နယ်များတွင် ဝမ်းနည်းမှုအထိမ်းအမှတ်အဖြစ် "မင်းတို့နောက်မှာ ငါတို့ရှိတယ်" စသည့် ကြွေးကြော်သံများနှင့် ဆန္ဒပြပွဲများပြုလုပ်မှုရှိခဲ့သည်။

ထို့အပြင် ရန်ကုန်၊ ဧရာဝတီ၊ မန္တလေး၊ စစ်ကိုင်းစသည့် တိုင်းဒေသကြီးများနှင့် မွန်၊ ကရင်၊ ချင်းပြည်နယ်တို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှလည်း ကြည့်မြင်တိုင်မြို့နယ် သပိတ်ဖြိုခွင်းမှုအတွက် လက်တုံ့ပြန်မှုများအနေဖြင့် စစ်ကောင်စီတပ်စခန်းတချို့ ဖောက်ခွဲခံရမှုနှင့် တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်သား ၂၀ ဦးရေထက်မနည်း ကျဆုံးခဲ့ကြောင်း သက်ဆိုင်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ သတင်းထုတ်ပြန်ထားသည်။

ဗီဒီယိုများ