ဖမ်းဆီးခံထားရသူ ၅၀၀၀ ကျော်ကို လွှတ်ပေးမည်ဟု စစ်ကောင်စီပြောသော်လည်း လွတ်မြောက်သူ ၄၀၀၀ ကျော်သာရှိဟု AAPP ထုတ်ပြန်

နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုများကြောင့် ဖမ်းဆီးခံထားရသူ (၅၆၃၆) ဦးကို လွှတ်ပေးမည်ဟု စစ်ကောင်စီမှပြောဆိုထားသော်လည်း အောက်တိုဘာလ ၂၅ ရက်နေ့အထိ စာရင်းကောက်ယူမှုအရ လွတ်မြောက်သူ (၄၀၆၅)ဦးသာရှိသေးကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က အောက်တိုဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

27 Oct 2021

Photo Crd - Eleven Media

DMG ၊ အောက်တိုဘာ ၂၇
နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုများကြောင့် ဖမ်းဆီးခံထားရသူ (၅၆၃၆) ဦးကို လွှတ်ပေးမည်ဟု စစ်ကောင်စီမှပြောဆိုထားသော်လည်း အောက်တိုဘာလ ၂၅ ရက်နေ့အထိ စာရင်းကောက်ယူမှုအရ လွတ်မြောက်သူ (၄၀၆၅)ဦးသာရှိသေးကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က အောက်တိုဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ယင်းသို့ လွတ်မြောက်သူများထဲမှ နာမည်နှင့်တကွ အတည်ပြုလွတ်မြောက်သူ ၄၈၀ ဦးသာရှိပြီး လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းများချက်ချင်းရရှိရန် တစ်ဦးချင်းစီ၏ အချက်အလက်များကို အတည်ပြုဆက်လက်စိစစ်နေသည်ဟု AAPP က ဆိုသည်။

အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသည့် အကျဉ်းသား/သူ (၁၃၁၆)ဦးနှင့် တရားစွဲဆိုခြင်းခံနေရသူ(၄၃၂၀)ဦးတို့၏ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကိုပိတ်သိမ်း၍ တရားခံများအားအမှုမှလွှတ်ရန် အောက်တိုဘာလ ၁၈ ရက်နေ့တွင် စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီအနေဖြင့် ယခင်ကတည်းက မတရားဖမ်းဆီးထိန်းသိမ်းခံရသူများ၏ အချက်အလက်များကို တရားဝင်ထုတ်ပြန်လေ့မရှိဘဲ လွှတ်ပေးသည့်အခါတွင်လည်း မည်သူတို့ကိုလွှတ်ပေးလိုက်သည်ဆိုသော စာရင်းကိုလည်း တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိကြောင်း AAPP ထောက်ပြသည်။

ယင်းကြောင့် မတရားဖမ်းဆီးခံရသူများနှင့် ပြန်လည်လွှတ်ပေးလိုက်သူများ၏ အချက်အလက်များကို အများပြည်သူသိရှိနိုင်စေရန်အတွက် တရားဝင်တိတိကျကျထုတ်ကြေညာရမည်ဟု AAPP က တောင်းဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်မှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏လက်ချက်ဖြင့် သေဆုံးသူစုစုပေါင်း ၁၂၁၃ ဦးနှင့် ဖမ်းဆီးခံရသူဦးရေ ၉၂၂၃ ဦးအထိရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ အောက်တိုဘာလ ၂၆ ရက်နေ့အထိ စာရင်းအရသိရသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)သည် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုစတင်သည့်နေ့မှစ၍ မြန်မာနိုင်ငံတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များကြောင့် ပြည်သူလူထုများ ဖမ်းဆီးခံရမှု၊ သေဆုံးခဲ့ရမှုများကို မှတ်တမ်းတင်နေသော အဖွဲ့တစ်ခုဖြစ်သည်။

စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း AAPP မှ ကောက်ယူထားသည့် သေဆုံးမှုကိန်းဂဏန်းများမှာ ယုံကြည်စိတ်ချသည့်အရင်းအမြစ်မဟုတ်ကြောင်း၊ ယင်းစာရင်းများသည် ယုံကြည်စိတ်ချရမှုမှာ မေးခွန်းထုတ်ဖွယ်ရာများဖြစ်ကြောင်း အောက်တိုဘာ ၂၄ ရက်နေ့တွင် ထုတ်ပြန်ပြောကြားထားသည်။

ဗီဒီယိုများ