- ရခိုင်အရေး ကုလအကြီးအကဲပြောဆိုချက် မြေပြင်နှင့်ကွဲလွဲပြီး ဘက်လိုက်မှုရှိဟု AA ပြော
- ရခိုင်တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသူများ မိုးရာသီဖြတ်ကျော်ရန် အကူအညီလိုအပ်နေ
- မောင်တောတွင် မွတ်ဆလင် ၅ ဦးသတ်ဖြတ်ခံရမှု AA နှင့် လုံးဝမသက်ဆိုင်ကြောင်း ဆို
- ကျောက်ဖြူမြို့နယ်တွင် ဒေသခံတစ်ဦး မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရ
- စစ်ကောင်စီထိန်းချုပ်ရာ စစ်တွေမြို့တွင် အခြေခံစားကုန်များ ပြတ်လပ်လာ
AA နှင့်ပတ်သက်ပြီး ဖမ်းဆီးခံရသည့် ဘုန်းကြီးနှစ်ပါးကို စွဲချက်မတင်မီ ပြန်လွှတ်ပေးသော်လည်း တစ်ပါးကို ပို့ကုန်သွင်းကုန်ဥပဒေဖြင့် ရမန်ယူ
“ကားနဲ့ တရားခံဆိုသူတွေကို သွားတင်တဲ့အခါ ကားကို လိုင်စင်ရှိမရှိ၊ ကညနရုံးကို မေးမြန်းတဲ့အခါ ကညနရုံးက လိုင်စင်မရှိ Without ကားဆိုပြီးတော့ပြတယ်။ ဒါကြောင့် ဒီနေ့လွှတ်တဲ့အချိန်မှာ ဦးသုဝဏ အမှုနဲ့ပတ်သက်ပြီး ဆက်ပြီးတော့ဖမ်းတယ်။ ဖမ်းပြီးတော့ ချုပ်ရမန် တောင်းထားပါတယ်။ ဒီနေ့ကစပြီး နောက် ၁၈ ရက်နေ့ထိရမန်တောင်းထားပါတယ်”
04 Oct 2019
ခိုင်ရိုးလ|DMG
အောက်တိုဘာ ၄၊ စစ်တွေ
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် ဘုန်းကြီးနှစ်ပါးကို ယနေ့ အောက်တို ဘာလ ၄ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးက စွဲချက်မတင်မီ ပြန်လွှတ်ပေးခဲ့သော်လည်း တစ်ပါးကို လိုင်စင်မဲ့ ကားမောင်းနှင်မှု ပုဒ်မ ၁၁ ဖြင့် ရမန်ယူသည်။
“ဒီအမှုမှာ ဦးဇင်းဆရာတော်ကြီးနှစ်ပါးကတော့ အမှုနဲ့ပတ်သက်လို့ တရားလိုဖက်က ထွက်ဆိုချက်မှာ ခိုင်မာမှုမရှိပါဘူး။ ဒီအမှုတွဲနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ မရှိတဲ့အတွက် စွဲချက်မတင်မီမှာ တရားရှင် လွှတ်လိုက်တာပါ” ဟု အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွန်းက DMG ကိုပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့က မြောက်ဦးမြို့ ဂန္ဓမာတောင်ကျောင်းတိုက်ဆရာတော် ဦးဉာဏ၊ ပုဏ္ဏားကျွန်းမြို့ သီရိမဉ္ဇူကျောင်းတိုက်ဆရာတော် ဦးသုဝဏနှင့် လူ (၃)ဦးကို ကားတစ်စီးတည်းတွင် အတူစီးနင်းလာစဉ် ကျောက်တော်မြို့နယ်၊ ကန်စောက်တောင်အနီးတွင် တပ်မတော်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဘုန်းကြီးနှစ်ပါးနှင့် လူ(၃)ဦးတို့ကို ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်သွယ်မှုရှိသည်ဟု တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။
ယင်းဆရာတော် ၂ ပါးနှင့် လူ ၃ ဦးတို့ကို အကြမ်းဖက်အဖွဲ့အား အားပေးကူညီသည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ ၅၂(က) ဖြင့် ကျောက်တော်မြို့နယ် (၅၃၉) တပ်ရင်းမှ ဗိုလ်မှူးရဲဇော်ထွန်း က တရားလိုလုပ်ပြုကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ လူ (၃)ဦးကို ယနေ့တွင် အကြမ်း ဖက်မှုတိုက်ဖျက်ရေးပုဒ်မ ၅၂(က)ဖြင့် စွဲချက်တင်ခဲ့သည်။
လက်ရှိတွင် ဘုန်းကြီးနှစ်ပါးအနက် ဦးသုဝဏကို လိုင်စင်မရှိသည့်ကားကို မောင်းနှင်သည်ဟုဆိုကာ CID ရဲအုပ် ညီညီက ပို့ကုန်သွင်းကုန် ပုဒ်မ (၁၁) ဖြင့် ဖမ်းဆီးကာ အောက်တိုဘာလ ၁၈ ရက်နေ့အထိ ရမန်ယူထား ကြောင်း ရှေ့နေဦးသန်းထွန်းက ပြောသည်။
“ကားနဲ့ တရားခံဆိုသူတွေကို သွားတင်တဲ့အခါ ကားကို လိုင်စင်ရှိမရှိ၊ ကညနရုံးကို မေးမြန်းတဲ့အခါ ကညနရုံးက လိုင်စင်မရှိ Without ကားဆိုပြီးတော့ပြတယ်။ ဒါကြောင့် ဒီနေ့လွှတ်တဲ့အချိန်မှာ ဦးသုဝဏ အမှုနဲ့ပတ်သက်ပြီး ဆက်ပြီးတော့ဖမ်းတယ်။ ဖမ်းပြီးတော့ ချုပ်ရမန် တောင်းထားပါတယ်။ ဒီနေ့ကစပြီး နောက် ၁၈ ရက်နေ့ထိရမန်တောင်းထားပါတယ်” ဟု ဦးသန်းထွန်းကပြောသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အစောပိုင်းကစတင်ပြီး တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားစဉ်ကာလအတွင်း AA နှင့်ပတ်သက်ပြီး သံသယဖြင့် ဖမ်းဆီးခံထားရသူ (၁၃၀)ခန့်ရှိကြောင်း ရခိုင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထံက သိရသည်။