လက်ပံတန်းကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်းနှင့် သတင်းသမားတစ်ဦးတို့ နိုင်ငံရေးပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံရ

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်မှ လက်ပံတန်းမြို့နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်းနှင့် ဒေသခံတစ်ဦးတို့ကို နိုင်ငံရေးပုဒ်မနှစ်ခုဖြင့် သာယာဝတီတရားရုံးမှ ထောင်ဒဏ်(၁၁)နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

11 Mar 2022

နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲဆိုထောင်ဒဏ် ၁၁ နှစ်ကျော်ချမှတ်ခံထားရသည့် BagoWeekly Journal မှ သတင်းထောက်ဟောင်းကိုငြိမ်းချမ်းဝေ။

DMG ၊ မတ် ၁၁

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်မှ လက်ပံတန်းမြို့နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်းနှင့် ဒေသခံတစ်ဦးတို့ကို နိုင်ငံရေးပုဒ်မနှစ်ခုဖြင့် သာယာဝတီတရားရုံးမှ ထောင်ဒဏ်(၁၁)နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်လုံးဆိုင်ရာ ကျောင်သားသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုအောင်ကုဋေစိုးကို လက်ပံတန်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုကြောင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလအတွင်းကဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(က)နှင့် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ-၁၂၄(က)တို့ဖြင့် တရားစွဲဆိုခဲ့သည်။

ထို့နောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ပုဒ်မ ၅၀၅-က ဖြင့် ကိုအောင်ကုဋေစိုးကို သာယာဝတီခရိုင်တရားရုံးမှ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်။ ၎င်းကို ယခု ၂၀၂၂ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင်လည်း ပုဒ်မ-၁၂၄(က)ဖြင့် ထောင်ဒဏ် ၈ နှစ်နှင့် ၃ လထပ်မံချမှတ်ခဲ့ရကြာင်း ကိုအောင်ကုဋေစိုးနှင့်နီးစပ်သူတစ်ဦးမှ DMG ကိုပြောသည်။

"ကိုအောင်ကုဋေစိုးကို ဒီနေ့မနက်မှာပဲ သာယာဝတီခရိုင်တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။ ပထမ ၅၀၅-ကအမှုနဲ့ ထောင်ဒဏ် ၃ နှစ်ရယ်။ အခုနောက်ထပ်ပုဒ်မ-၁၂၄(က)အတွက် ထောင်ဒဏ် ၈ နှစ် ၃ လ ထပ်ပြီးချမှတ်ခဲ့တယ်ပေါ့။ အားလုံးပေါင်းထောင်ဒဏ် ၁၁ နှစ် ၃ လချမှတ်ခံရပါတယ်"ဟု ၎င်းမှပြောသည်။

ထို့အပြင် BagoWeekly Jouranl မှ သတင်းထောက်ဟောင်း ကိုငြိမ်းချမ်းဝေကိုလည်း လက်ပံတန်းမြို့၊ ခမုံဆိပ်ရွာနေအိမ်၌ရှိနေစဉ် စစ်တပ်မှဖမ်းဆီးခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလပထမပတ်တွင် ရာဇသတ်ကြီးပုဒ်မ-၅၀၅(က)ဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်။ ယနေ့(မတ် ၁၁ ရက်)တွင်လည်း ကိုငြိမ်းချမ်းဝေကို ပုဒ်မ-၁၂၄(က)ဖြင့် ထောင်ဒဏ် ၈ နှစ် ၃ လ ချမှတ်ခဲ့သည်။

ကိုငြိမ်းချမ်းဝေ၏ ဇနီးဖြစ်သူမှာလည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလဒုတိယအပတ်က ဖမ်းဆီးခံခဲ့ရသည်။

နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ကိုရဲက "အခုလိုမတရားဖမ်းဆီး ခံရပြီး တရားစွဲမှုတွေနဲ့ထောင်ချမှုတွေက ဒီစစ်တပ်အာဏာသိမ်းမှုအတွင်းမှာ အဆိုးဆုံးဖြစ်နေပါတယ်။ လက်ရှိအခြေအနေအရလည်း စစ်ကောင်စီကိုဆန့်ကျင်တဲ့ ဘယ်သူကိုမဆို ဖမ်းဆီးထောင်ချခံရနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့လည်း သတိကြီးစွာထားဖို့တိုက်တွန်းလိုပါတယ်"ဟု ဆိုသည်။

စစ်တပ်မှအာဏာသိမ်းမှုအပေါ် လက်ပံတန်းမြို့နယ်၌ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြထုတ်ဖော်မှုကြောင့် ကျောင်းသားသမဂ္ဂအဖွဲ့ဦးဆောင်သူ ၅ ဦးထက်မနည်းကို ရဲနှင့်စစ်တပ်မှဖမ်းဆီးခဲ့ပြီး နိုင်ငံရေးပုဒ်မအသီးသီးဖြင့် တရားစွဲဆိုကာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့သည်။

ဗီဒီယိုများ