ကျောက်ဖြူ သံဇစ်မြစ်ရေညစ်ညမ်းမှု ထပ်မံဖြစ်ပေါ်ပြီး ငါးဖမ်းသူများအခက်တွေ့

ရေညစ်ညမ်းမှုများဖြစ်ပေါ်လာပါက သံဇစ်မြစ်တစ်လျှောက် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသူများသည် ငါး၊ ပုစွန်၊ ကဏန်း ဖမ်းဆီးရရှိမှုနည်းပါးသွားသဖြင့် အလုပ်အကိုင်များထိခိုက်လာနေကြောင်း ကျောက်ဖြူမြို့နယ် အောင်လံချိန်ကျေးရွာမှ ဦးခင်မောင်တင်က ပြောသည်။

03 Oct 2019

ခိုင်မင်း(ကျောက်ဖြူ) | DMG
အောက်တိုဘာ ၁ ၊ ကျောက်ဖြူ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် သံဇစ်မြစ်အတွင်း ညစ်ညမ်းနေသည့်ရေမဲများကို ယခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က စတင်တွေ့ရှိခဲ့ရကြောင်း ဒေသခံငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

ယခုကဲ့သို့ ရေထုညစ်ညမ်းမှုများသည် သံဇစ်မြစ်အတွင်း ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်းကလည်း တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး တစ်နှစ်ကျော်ကြာပြီးနောက်တွင်  နောက်ထပ်တစ်ကြိမ်ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ရေညစ်ညမ်းမှုများဖြစ်ပေါ်လာပါက သံဇစ်မြစ်တစ်လျှောက် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသူများသည် ငါး၊ ပုစွန်၊ ကဏန်း ဖမ်းဆီးရရှိမှုနည်းပါးသွားသဖြင့် အလုပ်အကိုင်များထိခိုက်လာနေကြောင်း ကျောက်ဖြူမြို့နယ် အောင်လံချိန်ကျေးရွာမှ ဦးခင်မောင်တင်က ပြောသည်။

“စက်တင်ဘာလ ပထမပတ်လောက်က ရေအမဲအညစ်အကြေးတွေကို တွေ့လိုက်ရတယ်။ အဲဒီရေမဲဝင်လာလို့ တစ်ပတ်ခန့်ကြာရင် ငါးပုဇွန်ကဏန်းတွေ ပျောက်သွားတယ်။ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်ရာမှ အခက်အခဲကြုံတွေ့နေရပါတယ်။ ဒီရေတွေဟာ ဘယ်နေရာက၊ ဘယ်ရွာက ဆင်းသက်လာလဲဆိုတာကို ကျွန်တော်တို့လည်း မသိဘူး။ ဒါတွေကို အထက်လူကြီးတွေအနေဖြင့် သိစေချင်တယ်” ဟု ၎င်းကဆိုသည်။

သံဇစ်မြစ်အတွင်း ရေထုညစ်ညမ်းမှုဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း သံဇစ်မြစ်ရေကို တစ်လတစ်ကြိမ် ရေနမူနာယူစစ်ဆေးပြီး ရရှိလာသည့်အဖြေများကို သက်ဆိုင်ရာတာဝန်ရှိသူများထံ ပွင့်လင်းမြင်သာစွာချပြနေကြောင်း ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလွှမ်းမိုးထက် ပြောသည်။

“ယခင်ဧပြီလကနေပြီးတော့ လက်ရှိစက်တင်ဘာလအထိကို ကျောက်ဖြူမြို့နယ် သံဇစ်မြစ်ရေကို ကုလာမကျွန်းအနီးနဲ့ ဘူးတောင်းခွဲနားမှာရှိတဲ့ရေကို နမူနာကောက်တယ်။ ရလာတဲ့ရေနမူနာကို (၂၄)နာရီအတွင်းမှာ စစ်တွေမြို့မှာရှိတဲ့ ရခိုင်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဓာတ်ခွဲခန်းကိုပို့ပြီးတော့မှ အဲဒီရေမှာပါဝင်တဲ့ ကမ်မီကယ်ဓာတ်တွေကို ထုတ်ပြန်လျက်ရှိပါတယ်” ဟု ၎င်းကပြောသည်။

ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် သံဇစ်မြစ်အတွင်း ရေအရောင်ပြောင်းလဲခြင်း၊ ညစ်ညမ်းခြင်းများဖြစ်ပေါ်မှုများကို အကြောင်းကြားလာပါက မြေပြင်သို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

သံဇစ်မြစ်အတွင်း ညစ်ညမ်းနေသည့်ရေမဲများဖြစ်ပေါ်လာပါက ငါး၊ ပုစွန်ရှားပါးမှုများသည် မြစ်တစ်လျှောက်ရှိ ကျေးရွာများအား ရိုက်ခတ်မှုရှိနေကြောင်း အမ်းမြို့နယ် စည်တောင်ကြီးကျေးရွာမှ ဒေသခံဦးမောင်တင်စိုးက ဆိုသည်။

“အရင်နှစ်ကလည်း အဲဒီလိုပဲ၊ အဲဒီရေမဲတွေ့လို့ရှိရင် ရေသတ္တဝါတွေ ငါးပုဇွန်၊ ကဏန်းအကုန်လုံး ရှာပါးသွားတယ်၊ ရှာလို့မရတော့ဘူး။ ဒီနှစ်လည်းတွေ့တဲ့အခါမှာ ကဏန်းရယ်၊ ငါးရယ်၊ ပုဇွန်ရယ် အကုန်လုံးက ရှားပါးသွားတယ် ရှာလို့မရဘူး။ နည်းနည်းပဲရတယ်” ဟု ၎င်းကပြောသည်။

၂၀၁၈ ခုနှစ်က တွေ့ရှိခဲ့သည့် ညစ်ညမ်းနေသည့် သံဇစ်မြစ်ရေတွင်ပါဝင်သည့် ဓာတ်သတ္တု ၁၆ မျိုးအား ဓာတ်ခွဲစမ်းသပ်ရာတွင် သတ်မှတ်စံနှုန်းထက် ခဲဓာတ် ၁၀ ဆ၊ ဖီနောဓာတ် ၂၆ ဆအထိ တွေ့ပြီး လူနှင့် တိရိစ္ဆာန်များအတွက် အန္တရာယ်ရှိနိုင်ကြောင်း စိမ်းလန်းအမိမြေအသင်း၏ ဓာတ်ခွဲခန်းထုတ်ပြန်ချက်အရ သိရသည်။

ယခုကဲ့သို့ ရေထုညစ်ညမ်းခြင်းသည် ကျောက်ဖြူတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများရှိနေသဖြင့် ရေနံယိုစိမ့်ခြင်းများမှ ဖြစ်ပေါ်လာနိုင်သည်ဟု ဒေခံများပြောဆိုကြသည်။ သို့သော် အစိုးရဌာနများက သွားရောက်စစ်ဆေးချက်အရ ရေနံမဖြစ်နိုင်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနက ပြောဆိုခဲ့သည်။

ဗီဒီယိုများ