စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ၍ ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့အမှုကို မနက်ဖြန် အပြီးသတ်အမိန့်ချမှတ်မည်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုကြောင့် ဖမ်းဆီးတရားစွဲဆို ခံထားရသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့နှစ်ဦး၏အမှုကို မနက်ဖြန် စက်တင်ဘာ ၁၇ ရက်နေ့တွင် အပြီးသတ်အမိန့်ချရန်ရှိကြောင်း ၎င်းတို့၏ရှေ့နေထံမှ သိရသည်။

16 Sep 2021

DMG ၊ စက်တင်ဘာ ၁၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုကြောင့် ဖမ်းဆီးတရားစွဲဆို ခံထားရသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့နှစ်ဦး၏အမှုကို မနက်ဖြန် စက်တင်ဘာ ၁၇ ရက်နေ့တွင် အပြီးသတ်အမိန့်ချရန်ရှိကြောင်း ၎င်းတို့၏ရှေ့နေထံမှ သိရသည်။

ဖေဖေါ်ဝါရီလ ၉ ရက်နေ့က တောင်ကုတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ခဲ့မှုကြောင့် ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့ကိုဖမ်းဆီးကာ ဘေး/စီ/မံဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

၎င်းတို့နှစ်ဦးကိုစွဲဆိုထားသည့်အမှုမှာ ကျန်ရှိသည့်သက်သေများကို ယနေ့ရုံးချိန်းတွင်စစ်ဆေးပြီးဖြစ်သဖြင့် စက်တင်ဘာ ၁၇ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်ရန် ချိန်းဆိုလိုက်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်သင်္ဂီမောင်က ပြောသည်။

“ကိုမင်းအောင်နဲ့ ကိုသန့်ဇင်ဖြိုးတို့ဖက်က တရားခံပြသက်သေတွေကို ဒီနေ့စစ်တယ်။ အဲဒီတော့ သက်သေတွေ အကုန်စစ်ပြီးပြီဖြစ်တဲ့အတွက် မနက်ဖြန်ရုံးချိန်းမှာ လျှောက်လဲချက်အပြီးလုပ်မှာဖြစ်တယ်။ ပြီးတော့မနက်ဖြန် ညနေမှာ အပြီးသတ်အမိန့်ချမယ်လို့ ချိန်းဆိုထားတယ်” ဟု ၎င်းကပြောသည်။

၎င်းတို့နှစ်ဦးဖမ်းဆီးတရားစွဲဆိုခံထားရသည်မှာ ၇ လကျော်ကြာမြင့်လာပြီဖြစ်ကာ ကိုသန့်ဇင်ဖြိုးမှာ ကျန်းမာရေး မကောင်းသဖြင့် ဆေးကုသမှုခံယူနေရကြောင်းလည်း ရှေ့နေထံမှ သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ယခင် NLD အစိုးရလက်ထက်က တာဝန်ထမ်းဆောင်ခဲ့သည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းအပါအဝင် ပြည်နယ်ဝန်ကြီးဟောင်း ၅ ဦးတို့အား အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုထားရာတွင် ယခင်အစိုးရလက်ထက်က ပြည်နယ်ဝန်ကြီးတာဝန်ယူခဲ့သည့် ဦးမင်းအောင်လည်း ပါဝင်သည်။

ယင်းသို့ တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်း(၅)ဦးကို စက်တင်ဘာလ ၈ ရက်နေ့က ရခိုင်ပြည်နယ်တရားလွှတ်တော်၌ Video Conferencing ဖြင့် ရုံးထုတ်စစ်ဆေး ခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပေဒပပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့်ဝန်ကြီး(၅)ဦးမှာ ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်၊ စည်ပင်သာယာရေး ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ ဖြစ်ကြသည်။

တရားစွဲဆိုခံထားရသည့် ဝန်ကြီး(၅)ဦးအနက် ဦးညီပုနှင့် ဦးမင်းအောင်တို့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလကတည်းက ဖမ်းဆီးချုပ်နှောင်ခံထားရခြင်းဖြစ်ပြီး လက်ရှိတွင်လည်း ဦးညီပုမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နှင့် တရားရင်ဆိုင်နေရသလို ဦးမင်းအောင်မှာလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေတို့ဖြင့် တရားရင်ဆိုင်နေရသည်။

အဂတိမှုဖြင့်တရားစွဲခံထားရသည့် ဦးညီပု၊ ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံနှင့် ဦးကျော်လွင်တို့ကို စစ်တွေအကျဉ်းထောင်တွင်ထိန်းသိမ်းထားပြီး ဦးမင်းအောင်မှာ တောင်ကုတ်မြို့ ခမရ ၅၄၄ တပ်ရင်းတွင် ထိန်းသိမ်းထားကြောင်း ရှေ့နေထံမှသိရသည်။

ဗီဒီယိုများ