ယူနက်စကို အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် မြန်မာရွေးချယ်ခံရ

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ဆိုင်ရာ အာရှပစိဖိတ်အုပ်စု (UNESCO)မှာ အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

By မြတ်ဝင်းကျော် 22 Nov 2019

မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေး အဆိုပြုစာတွဲမူကြမ်းကို စက်တင်ဘာလ ၂၄ ရက်နေ့က UNESCO ကမ္ဘာ့အမွေအနှစ်စင်တာကို တင်သွင်းလိုက်သည်။ (ဓာတ်ပုံ - Chan Aye - C&T)

မြတ်ဝင်းကျော် | DMG
နိုဝင်ဘာ ၂၂ ၊ ရန်ကုန်

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ဆိုင်ရာ အာရှပစိဖိတ်အုပ်စု (UNESCO)မှာ အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပါရီမြို့၌ ကျင်းပပြုလုပ်လျက်ရှိသည့် (၄၀)ကြိမ်မြောက် ယူနက်စကိုအထွေထွေညီလာခံကာလအတွင်း ယူနက်စကိုအလုပ်အမှုဆောင်အဖွဲ့ဝင် (Executive Board) နေရာများ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရာ မဲပေးပိုင်ခွင့်ရှိသည့်အဖွဲ့ဝင်နိုင်ငံ (၁၈၀) အနက် (၁၄၂)နိုင်ငံ၏ ထောက်ခံမှုဖြင့် ၂၀၁၉ -၂၀၂၃ ခုနှစ် သက်တမ်းကာလအတွက် ရွေးချယ်ခြင်းခံရခြင်းဖြစ်သည်။

အလားတူ အာရှပစိဖိတ်ဒေသမှ အာဖဂန်နစ္စတန်၊ ကာဂျီစတန်၊ ပါကစ္စတန်၊ ကိုရီးယားသမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့လည်း ၂၀၁၉ -၂၀၂၃ ခုနှစ် သက်တမ်းကာလအတွက် ယူနက်စကိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ယူနက်စကို၌ ၁၉၄၉ ခုနှစ် ဇွန်လမှစ၍ အဖွဲ့ဝင်ဖြစ်ခဲ့ပြီး ယခုအခါ ပထမဆုံးအကြိမ် ယင်းသို့ ရွေးချယ်ခံရခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရှိ ရှေးဟောင်းအမွေအနှစ်များရှိရာ ပုဂံကို ၂၀၁၉ ဇူလိုင်လအတွင်းက (၄၃) ကြိမ်မြောက် ယူနက်စကိုအစည်းအဝေးတွင် ယူနက်စကိုစာရင်းဝင်နေရာအဖြစ် သတ်မှတ်ခဲ့သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ ရှေးဟောင်းအမွေအနှစ်များတည်ရှိရာ မြောက်ဦးကိုလည်း ယူနက်စကို စာရင်းဝင်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိနေသည်။

ဗီဒီယိုများ