ရွေးကောက်ပွဲဝင်ပြိုင်မည့် မွတ်ဆလင်တစ်ဦး ကိုယ်စားလှယ်လောင်းအဖြစ် အသိအမှတ်ပြုခံရပြီးမှ ပြန်လည် ပယ်ချခံရ

၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့မှ ဝင်ရောက်အရွေးခံမည့် မွတ်ဆလင်တစ်ဦးကို မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်လောင်းအဖြစ် အသိအမှတ်ပြုလက်မှတ် ထုတ်ပေး ပြီးမှ ပြန်လည်ပယ်ဖျက်လိုက်သည်။

By ကျော်မျိုးအောင် 04 Oct 2020

ကျော်မျိုးအောင် | DMG
အောက်တိုဘာ ၄ ၊ မောင်တော

၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့မှ ဝင်ရောက်အရွေးခံမည့် မွတ်ဆလင်တစ်ဦးကို မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်လောင်းအဖြစ် အသိအမှတ်ပြုလက်မှတ် ထုတ်ပေး ပြီးမှ ပြန်လည်ပယ်ဖျက်လိုက်သည်။

ယင်းသို့ ပယ်ချခံရသူမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီကိုယ်စားပြုပြီး မောင်တောမြို့နယ် ပြည်သူ့ လွှတ်တော်နေရာ၌ ဝင်ရောက်အရွေးခံမည့် ဦးအေးဝင်းဖြစ်သည်။

“ကျွန်တော်ကို မနေ့ကမှ ခရိုင်ရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားတယ်။ ကျွန်တော်မွေးဖွားချိန်မှာ ကျွန်တော့အဖေက နိုင်ငံသားမဖြစ်သေးဘူး၊ မှတ်ပုံတင်သုံးခေါက်ချိူးပဲ ရသေးတယ်လို့ ပြောတယ်” ဟု ဦးအေးဝင်းက DMG သို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ ရွေးကောက်ပွဲဝင်ပြိုင်ရန် မဲဆန္ဒနယ် ၅ နေရာ စာရင်း တင်သွင်းခဲ့ရာတွင် ၄ နေရာပယ်ချခံခဲ့ရပြီး မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်တစ်နေရာသာ ဝင်ပြိုင်ခွင့် ရရှိထားခဲ့သည်။

သို့သော် ဝင်ပြိုင်ခွင့်ရရှိခဲ့သည့် မောင်တောမြို့နယ်ပြည်သူ့လွှတ်တော်အမတ်လောင်းအား အသိအမှတ်ပြု လက်မှတ်ထုတ်ပေးပြီးနောက် အောက်တိုဘာလ ၂ ရက်နေ့တွင် ပြန်လည်စီစစ်၍ ပယ်ချခဲ့ပြန်သည်။

မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးကျော်သန်းက “ပထမစစ်ဆေးတော့ ခရိုင်လဝက ကစစ်ဆေးပြီး အမတ်လောင်းအဖြစ် အသိအမှတ်ပြုခဲ့တယ်။ နောက် ထပ်မံစစ်ဆေးတဲ့အခါ သူမွေးဖွားတဲ့ အချိန်မှာ သူ့အဖေနဲ့အမေက နိုင်ငံသားမှတ်ပုံတင် မရသေးတာတွေ့ရတယ်။ (နိုင်)မရသေးဘူး။ သုံးခေါက်ချိုး “အမထ”ဘဲ ရသေးတာဖြစ်တယ်။ ဒါကြောင့် ပယ်လိုက်ရတာဖြစ်တယ်” ဟု ပြောသည်။

ယင်းသို့ ရွေးကောက်ခံကိုယ်စားလှယ်လောင်းအဖြစ် အသိအမှတ်ပြုခံရပြီးမှ ပြန်လည်ပယ်ချခံခဲ့သည့်အတွက် နစ်နာမှုများရှိ၍ တရားစွဲဆိုသွားမည်ဟု ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ချခံခဲ့ရသူ ဦးအေးဝင်းက ပြောသည်။

“မရွေးချယ်ရင် အစကတည်းက မရွေးနဲ့ပေါ့ဗျာ။ အခုက ကျွန်တော့မှာ အမတ်လောင်းပေါ်စကာတွေ၊ နံရံကပ် ဗီနိုင်းတွေ၊ လက်ကမ်းစာစောင်တွေ အားလုံးလုပ်ပြီးပြီ။ ဖြန့်ဝေမဲဆွယ်စည်းရုံးနေတဲ့အချိန်မှာမှ အခုလို ထုတ်ပယ်တယ်ဆိုတော့ ကျွန်တော့်မှာ အများကြီးနစ်နာတယ်။ နစ်နာမှုတွေကိုပါ တရားစွဲဆိုပြီး လျော်ကြေး တောင်းသွားမှာဖြစ်တယ်” ဟု ဆိုသည်။

ဦးအေးဝင်း၏ဖခင်မှာ ၁၉၅၂ ခုနှစ်မှ ၁၉၇၂ အထိ မောင်တောမြို့၌ ရဲစခန်းမှူးတာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၇၂ တွင် ထားဝယ်မြို့နယ်စခန်းမှူးအဖြစ်ကနေ အငြိမ်းစားယူခဲ့ပြီးနောက် မောင်တောမြို့နယ် တရားရေးအဖွဲ့တွင်လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

ဗီဒီယိုများ