ရခိုင်က မြို့နယ်ကိုးခုတွင် ရွေးကောက်ပွဲမကျင်းခြင်းက ပါတီကို ရည်ရွယ်ချက်ရှိရှိ ဖြိုခွင်းခြင်းဖြစ်ဟု ANP ဆို

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ကိုးမြို့နယ်နှင့် တခြားမြို့နယ် လေးမြို့နယ်မှ ရပ်ကွက်/ကျေးရွာအုပ်စု တချို့တွင် ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)၏ ကြေငြာချက်သည် ရခိုင်အမျိုးသားပါတီ(ANP)ကို ရည်ရွယ်ချက်ရှိရှိ ဖြိုခွင်းလိုက်ရာရောက်ကြောင်း ၎င်းပါတီက နိုဝင်ဘာ ၁ ရက်၌ ထုတ်ပြန်ခဲ့သည်။

By မင်းထွန်း 02 Nov 2020

မင်းထွန်း | DMG
နိုဝင်ဘာ ၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ကိုးမြို့နယ်နှင့် တခြားမြို့နယ် လေးမြို့နယ်မှ ရပ်ကွက်/ကျေးရွာအုပ်စု တချို့တွင် ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)၏ ကြေငြာချက်သည် ရခိုင်အမျိုးသားပါတီ(ANP)ကို ရည်ရွယ်ချက်ရှိရှိ ဖြိုခွင်းလိုက်ရာရောက်ကြောင်း ၎င်းပါတီက နိုဝင်ဘာ ၁ ရက်၌ ထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များမှာ ANP ပါတီ နိုင်ခြေရှိသည့်မြို့နယ်များဖြစ်ပြီး ရွေးကောက်ပွဲ မကျင်းပခြင်းသည် လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးများကိုလည်း ရိုက်ချိုးရာရောက်ကြောင်း ယင်းပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြောသည်။

“မဲပေးရမယ့်အချိန်မှာ ANP နိုင်ခြေရှိတဲ့ နေရာတွေ၊ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးတွေ ရိုက်ချိုးရုံ သာမက အဲဒီပါတီက အမတ်တွေ လွှတ်တော်ထဲရောက်မလာဖို့အတွက် ဖြိုခွင်းလိုက်ရာရောက်တယ်ဆိုတဲ့ အချက်ကို ပြည်သူတွေကိုသိစေချင်တယ်” ဟု ၎င်းကပြောသည်။

UEC ၏ ကြေငြာချက်သည် နိုင်ငံသားအခွင့်အရေးနှင့် လူ့အခွင့်အရေးကို ရိုက်ချိုးလိုက်ရုံသာမက အရှိန်အဟုန် ပြင်းစွာမောင်းနှင်နေသော ရခိုင်လူမျိုးတို့၏ အမျိုးသားရေးစိတ်ဓာတ်နှင့် အင်အားတောင့်တင်းခိုင်မာလျက် ရှိသော ရခိုင်အမျိုးသားပါတီ(ANP)အား ရည်ရွယ်ချက်ရှိရှိ ဖြိုခွင်းလိုက်ရာရောက်သည်ဟု မှတ်ယူကြောင်း ANP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် ရခိုင်ပြည်နယ် မြို့နယ်အများအပြားတွင် ရွေးကောက်ပွဲမကျင်းပခြင်းကြောင့် လူဦးရေတစ်သန်းကျော် မဲပေးပိုင်ခွင့်ဆုံးရှုံးရကြောင်း ANP ပါတီကိုယ်စားပြု စစ်တွေမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးထွန်းအောင်ကျော်က ပြောသည်။

“မြို့နယ်ကိုးမြို့နယ်၊ နောက်တစ်စိတ်တစ်ပိုင်းအနေနဲ့ ဖျက်သိမ်းခံရတဲ့ ကျေးရွာအုပ်စုတွေကို အားလုံးပေါင်း လိုက်ရင် ရခိုင်ပြည်နယ်က လူဦးရေတစ်သန်းကျော်ဟာ မဲပေးခွင့်မရတော့ဘူး။ ဒီလိုမဲပေးခွင့်မရတာဟာ မြန်မာနိုင်ငံမှာရှိတဲ့ တခြားတိုင်းရင်းသားလူမျိုးတွေနဲ့ နိုင်ငံသားတွေရဲ့ရပိုင်ခွင့် အခွင့်အရေးကို ခွဲခြားဆက်ဆံရာ ရောက်ပြီးတော့ လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးကို ရိုက်ချိုးခံလိုက်ရတာဖြစ်တယ်လို့ ပြောချင်တယ်” ဟု သူကပြောသည်။

အလားတူ ရခိုင်ပြည်သူများအနေဖြင့် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းပိတ်ဆို့ခံနေရာသော အင်အားတင့်တောင်းသည့် အမျိုးသားပါတီတစ်ရပ် အောင်ပွဲခံနိုင်ရေးအတွက် ရခိုင်အမျိုးသားပါတီအား မဖြစ်မနေဝိုင်းရံထောက်ခံ မဲပေးခြင်းဖြင့် မပြီးဆုံးသေးသော အမျိုးသားရေးခရီးပန်းတိုင်သို့ အတူတကွချီတက်ကြရန် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ANP ဟာ ဒီဥပဒေဘောင်ထဲက အရေးအခင်းမှာ ဒီပြည်ထောင်စုထဲမှာရှိတဲ့ အခြားလူမျိုးတွေနဲ့ပေါင်းပြီးတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုအခက်အခဲ၊ အနှောက်အယှက်ရှိရှိ ရှေ့ကိုဆက်ပြီးတော့ ခရီးသွားမယ်။ အဲဒီအတွက် ခိုင်မာအင်အားတောင့်တင်းတဲ့ ဒီပါတီကို အမျိုးသားရေးပန်းတိုင်ကို အရောက် သွားဖို့အတွက် ပြည်သူတွေအနေနဲ့ ဝန်းရံပြီးတော့ မဲပေးကြပါလို့ ပြောချင်တယ်” ဟု ဒေါ်အေးနုစိန်က ဆိုသည်။

ရခိုင်ပြည်နယ်၌ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိကြောင်း UEC မှ ထုတ်ပြန်ထားသည့်နေရာများမှာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့နယ်တို့ဖြစ်ကြသည်။

ထို့ပြင် ကျောက်ဖြူမြို့နယ်မှ ရပ်ကွက်နှစ်ခု၊ ကျေးရွာအုပ်စု (၅၂)အုပ်စု၊ အမ်းမြို့နယ်မှ ရပ်ကွက်သုံးခု၊ ကျေးရွာ အုပ်စု (၂၉)အုပ်စု၊ စစ်တွေမြို့နယ်မှ ကျေးရွာအုပ်စုလေးအုပ်စုနှင့် တောင်ကုတ်မြို့နယ်မှ ရပ်ကွက် ၁၀ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၂ အုပ်စုတို့တွင် ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်း UEC မှ အောက်တိုဘာ ၁၆ ရက် နေ့တွင် ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ရွေးကောက်ပွဲမကျင်းဟု ကြေငြာထားသော အမ်းမြို့နယ်ရှိ ကျေးရွာအုပ်စုလေးခုနှင့် ကျောက်ဖြူ မြို့နယ်ရှိ ကျေးရွာအုပ်စုသုံးခုတို့တွင် ရွေးကောက်ပွဲပြန်လည် ကျင်းပသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၇ ရက်တွင် UEC မှ ပြန်လည်ထုတ်ပြန်ခဲ့သည်။

ယင်းသို့ ရွေးကောက်ပွဲမကျင်းပဖြစ်သဖြင့် ရခိုင်ပြည်နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ဆယ့်ခြောက်သိန်း လေးသောင်းကျော်ရှိသည့်အနက် ဆယ့်နှစ်သိန်းကျော် မဲပေးခွင့်ဆုံရှုံးမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ဗီဒီယိုများ