ရွေးကောက်ပွဲမကျင်းပသည့် မြို့နယ်များသတ်မှတ်ရန် အစိုးရထံမှ သဘောထားရယူခဲ့ဟု ကော်မရှင်ဆို

ရွေးကောက်ပွဲမကျင်းနိုင်သည့် မြို့နယ်များကို သတ်မှတ်ကြေညာရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့ထံမှ သဘောထားမှတ်ချက်များကို ရယူခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

By မင်းထွန်း 20 Oct 2020

မင်းထွန်း | DMG
အောက်တိုဘာ ၂၀ ၊ စစ်တွေ

ရွေးကောက်ပွဲမကျင်းနိုင်သည့် မြို့နယ်များကို သတ်မှတ်ကြေညာရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့ထံမှ သဘောထားမှတ်ချက်များကိုရယူခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

ထို့အပြင် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့မှ သဘောထားမှတ်ချက်ရယူပြီး ယင်းသဘောထားအပေါ်တွင် လေ့လာစိစစ်သုံးသပ်ပြီး ဆုံးဖြတ်ကြေငြာခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

“အဓိကတော့ အဲလိုကျင်းပတဲ့အခါမှာ အန္တရာယ်ဖြစ်စေမယ့် အကြောင်းရာတွေ ရှိသလား၊ ဘေးကင်းလုံခြုံစွာနဲ့ ဆန္ဒမဲပေးလို့ရသလား၊ အဲဒါတွေကို သူတို့ရဲ့သဘောထားမှတ်ချက်တွေအပေါ် ကြည့်ပြီးတော့ သုံးသပ်ပါတယ်” ဟု သူကပြောသည်။

ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း မဲဆန္ဒနယ်အချို့တွင် ရွေးကောက်ပွဲကျင်းပရန် သင့်၊ မသင့်ကို အစိုးရအဖွဲ့အစည်းများက မည်ကဲ့သို့ သဘောထားမှတ်ချက်များ ပေးပို့ခဲ့သည်ကို ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိကြောင်း ဦးမြင့်နိုင်က ဆိုသည်။

လက်ရှိတွင် အဆိုပါဒေသများတွင် ပြည်သူများဘေးကင်းလုံခြုံစွာဖြင့် ဆန္ဒမဲပေးခွင့်ရလျှင် ရွေးကောက်ပွဲများ ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆိုသည်။

“လတ်တလော အန္တရာယ်ဖြစ်စေနိုင်တဲ့ ဘေးကင်းလုံခြုံစွာမရှိတဲ့ မြို့နယ်တွေ၊ ရပ်ကွက်ကျေးရွာအုပ်စုတွေကို ချန်လှပ်ထားခဲ့ခြင်းဖြစ်တယ်။ အခုချန်လှပ်ထားတဲ့ မြို့နယ်၊ ကျေးရွာအုပ်စုတွေမှာ ဘေးကင်းလုံခြုံပါပြီ၊ အန္တရာယ်ရှိစေဖို့ အကြောင်းတွေ မပေါ်ပေါက်ပါဘူးလို့ ရှင်းရှင်းလင်းလင်းသိလာရင်လည်း ဒါတွေကို ဆက်လက်ပြီး ကျင်းပသွားမှာဖြစ်ပါတယ်။ ဘေးအန္တရာယ်မရှိတော့ဘူး၊ ဘေးကင်းလုံခြုံစွာနဲ့ ဆန္ဒမဲပေးနိုင်တယ် ဆိုရင်လည်း အဲဒီအချိန်မှာ ကျင်းပသွားဖို့ရှိပါတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ရွေးကောက်ပွဲကျင်းပမည်ဟု ကြေငြာထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်မှ အမ်းမြို့နယ်တို့ကို ပြန်လည်စဉ်းစားသုံးသပ်နေကြောင်း ဦးမြင့်နိုင်ကဆိုသည်။
ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုရှိသလို အမ်းမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းများ ရှိနေသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အတွင်းရေးမှူး ဦးမျိုးကျော်ကမူ “အခု UEC ကတော့ သူနဲ့မဆိုင်ဆိုပြီးတော့ ပြောတယ်ပေါ့။ နောက်ပြီးတော့ လုံခြုံရေး၊ ကာကွယ်ရေးတို့က ပြောတယ်ဆိုပြီး ခေါင်းလွှဲတယ်ပေါ့။ ဒါကတော့ သူတို့ပြောတဲ့ဟာပေါ့။ ဒါပေမယ့် ရခိုင်တွေအနေနဲ့ပြောမယ်ဆိုရင် သူတို့အဲဒီလိုပြောတာဟာ တာဝန်မဲ့ရာ ကျတယ်။ လုံခြုံရေးကိုတာဝန်ယူထားတဲ့သူတွေ နောက် အောက်ခြေကနေပြီးတော့ ကော်မရှင်အဖွဲ့ခွဲဆိုပြီးတော့ ပါသေးတယ်။ ဆိုတော့ ဘာပဲဖြစ်ဖြစ် ပြည်သူတွေက ဒီမိုကရေစီအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးကို မရတော့တဲ့အတွက် သမိုင်းမှာတော့ သူတို့ထုတ်ပြန်တဲ့ချက်တွေ ကျန်နေမှာပဲ” ဟု ပြောဆိုသည်။

လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိကြောင်း UEC မှ ထုတ်ပြန်ထားသည့် နေရာများမှာ ရခိုင်ပြည်နယ်မှ မြို့နယ်ပေါင်း ၉ မြို့နယ်နှင့် အခြားမြို့နယ် ၄ မြို့နယ်မှ ရပ်ကွက်ပေါင်း ၁၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၁၃၇ အုပ်စု၊ ရှမ်းပြည်နယ်မှ မြို့နယ် ၆ မြို့နယ်နှင့် အခြားမြို့နယ် ၁၇ မြို့နယ် မှ ရပ်ကွက် ၈ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၃၃ အုပ်စုတို့ဖြစ်သည်။

ယင်းအပြင် ကချင်ပြည်နယ်ရှိ မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာအုပ်စု ၁၉၂ အုပ်စု၊ကရင်ပြည်နယ်ရှိမြို့နယ် ၆ မြို့နယ်မှ ကျေးရွာအုပ်စု ၅၃ အုပ်စု၊ မွန်ပြည်နယ်ရှိ မြို့နယ် ၁ မြို့နယ်မှ ကျေးရွာအုပ်စု ၁ စု၊ ပဲခူးတိုင်းမှ မြို့နယ် ၂ မြို့နယ်မှ ကျေးရွာအုပ်စု ၄၂ အုပ်စုတို့ဖြစ်ပြီး အဆိုပါဒေသများမှ မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်ဆုံးရှုံး တော့မည်ဖြစ်ကြောင်း ပေါင်းစည်းတိုင်းရင်းသားပါတီ ၅ ခုမှ အောက်တိုဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ထားသည်။

ဗီဒီယိုများ