NUG နှင့် ULA/AA တို့ အွန်းလိုင်းမှ တွေ့ဆုံဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ရက္ခိုင့်တပ်တော်(ULA/AA)တို့ ယနေ့(မေလ ၁၆ ရက်)တွင် အွန်းလိုင်းမှ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUG အစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလက ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ထားသည်။

16 May 2022

DMG ၊ မေလ ၁၆

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ရက္ခိုင့်တပ်တော်(ULA/AA)တို့ ယနေ့(မေလ ၁၆ ရက်)တွင် အွန်းလိုင်းမှ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUG အစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလက ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ထားသည်။

NUG အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ဒေါ်ဇင်မာအောင်၊ ဦးမင်းကိုနိုင်တို့ဦးဆောင်သော အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာမိတ်ဆက်ဆံရေးကော်မတီနှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ညိုထွန်းအောင်တို့ဦးဆောင်သည့် ရက္ခိုင်ပြည်သူ့အစိုးရနှင့် အွန်လိုင်းမှတစ်ဆင့် ၂ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု NUG အစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားသည်။

မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေးအခြေအနေများ၊ တိုင်းပြည်၏ အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ နှစ်ဖက်အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး နှစ်ဖက်အကြား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်းလည်း ဆက်၍ပြောထားသည်။

ယင်းအပြင် အမျိုးသားညီညွတ်ရေးအစိုးရဖက်မှ လက်ရှိလုပ်ဆောင်လျက်ရှိသော အခြေအနေများ၊ အခင်းအကျင်းများကို သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်ဆွေးနွေးခဲ့ကြောင်း NUG က ထုတ်ပြန်ထားသည်။

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၊ရက္ခိုင့်တပ်တော်(ULA/AA)နှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဘက်မှ ပြီးခဲ့သည့် မတ်၂၄ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြီး ကမ်းလှမ်းထားခြင်းဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရက္ခိုင့်တပ်တော်(AA)အနေဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးကိစ္စများတွင် ကိုယ်တိုင်ပါဝင်ခြင်းမရှိသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များကဲ့သို့ စစ်အာဏာရှင်ဆန့်ကျင်ရေး အဖွဲ့အစည်းအချို့ကို စစ်ရေးအရ ကူညီပေးမှုများရှိခဲ့ကြောင်း မကြာသေးမီက ထုတ်ဖော်ပြောကြားထားသည်။

ဗီဒီယိုများ