ULA/AA ၏ တတိယအကြိမ်သတင်းစာရှင်းလင်းပွဲကို ဇွန်လ ၁၄ ရက်နေ့တွင်ပြုလုပ်မည်

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၊ရက္ခိုင့်တပ်တော်(ULA/AA)၏ တတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို လာမည့်ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ULA/AA ၏ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

05 Jun 2022

DMG ၊ ဇွန် ၅

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၊ရက္ခိုင့်တပ်တော်(ULA/AA)၏ တတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို လာမည့်ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ULA/AA ၏ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ULA/AA ၏ အွန်လိုင်းမှပြုလုပ်သော သတင်းစာရှင်းလင်းပွဲကို ယခုနှစ်မတ်လမှ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ရခိုင်ပြည်အတွင်း ULA/AA ၏ လုပ်ဆောင်နေမှုများနှင့် ULA/AA ၏လုပ်ဆောင်ချက်များအပေါ် ပြည်သူများ ရှင်းလင်းစွာသိစေလိုသည့်အတွက် လစဉ်သတင်းစာရှင်းလင်းပွဲကိုပြုလုပ်သွားမည်ဟု ဦးခိုင်သုခမှ ယခင်က ပြောဆိုထားသည်။

ULA/AA မှ သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ် မတ်လ(၅)ရက်နေ့တွင် ပထမအကြိမ်၊ ဧပြီလ (၅)ရက်နေ့တွင် ဒုတိယအကြိမ်ပြုလုပ်ခဲ့ပြီး မေလအတွင်း ထူးခြားသည့်အကြောင်းအရာများ မရှိခဲ့ခြင်းကြောင့် ယခုဇွန်လတွင် တတိယအကြိမ် ပြုလုပ်ရခြင်းဖြစ်သည်ဟု ဦးခိုင်သုခကဆိုသည်။

ယခင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲများတွင် ရခိုင်ပြည်အတွင်း ULA/AA မှဆောင်ရွက်နေသည့် တရားရေးကိစ္စများ၊ ရခိုင်ပြည်အတွင်းမှ စစ်ရေးအခြေအနေများအပါအဝင် အခြားဖြစ်ပေါ်နေသောကိစ္စရပ်များ ပါဝင်ခဲ့သည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)သည် ၂၀၁၈ ခု နှစ်ကုန်ပိုင်းတွင် ရခိုင်ပြည်အတွင်း တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ၂၀၂၀ ခု၊ နိုဝင်ဘာလပထမပတ်တွင် တိုက်ပွဲရပ်တန့်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် မောင်တောဒေသတွင် တိုက်ပွဲနှစ်ကြိမ်၊ မြေပုံမြို့နယ်တွင် တိုက်ပွဲတစ်ကြိမ်နှင့် ပလက်ဝမြို့နယ်တွင် တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့သည်။

လက်ရှိရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား စစ်ရေးတင်းမာလျက်ရှိကာ မြန်မာစစ်တပ်မှ အင်အားတိုးချပြီး စစ်ကြောင်းများ သွားလာလှုပ်ရှားမှုတို့ ရှိလာနေသည်။

ဗီဒီယိုများ