စစ်တွေမြို့နယ်မှ သက်ကြီးပိုင်းအမျိုးသားတစ်ဦးကို မြန်မာစစ်တပ်က ဖမ်းဆီး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သိန်းတန်ကျေးရွာမှ သက်ကြီးပိုင်အမျိုးသားတစ်ဦးကို ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည့်ဟုဆိုကာ သြဂုတ်လ ၂၂ ရက်ညနေပိုင်းတွင် မြန်မာစစ်တပ်က ရွာအဝင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးသွားခဲ့ကြောင်း မိသားစုထံမှ သိရသည်။

23 Aug 2022

ဖမ်းဆီးခံရသည့် ဦးမောင်ဆန်းဝင်းအား တွေ့ရစဉ်။

DMG ၊ သြဂုတ် ၂၃

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သိန်းတန်ကျေးရွာမှ သက်ကြီးပိုင်အမျိုးသားတစ်ဦးကို ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည့်ဟုဆိုကာ သြဂုတ်လ ၂၂ ရက်ညနေပိုင်းတွင် မြန်မာစစ်တပ်က ရွာအဝင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးသွားခဲ့ကြောင်း မိသားစုထံမှ သိရသည်။

ဖမ်းဆီးခံရသူမှာ သိန်းတန်ကျေးရွာမှ အသက်(၅၂)နှစ်အရွယ် ဦးမောင်ဆန်းဝင်းဖြစ်သည်။ ၎င်းမှာ သြဂုတ်လ ၂၂ ရက်နေ့ ညနေ့ ၄ နာရီခန့်တွင် တောကန်ကျေးရွာမှ ဆိုင်ကယ် ကယ်ရီဆွဲပြီး မိမိကျေးရွာသို့ပြန်လာစဉ် ရွာအဝင်စစ်ဆေးဂိတ်ရှိ မြန်မာ စစ်တပ် တပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း မိသားစုဝင်းတစ်ဦးက DMG သို့ပြောပြသည်။

“သူက နှစ်ဘီးဆိုင်ကယ်မောင်းတယ်။ မနေ့က ညနေ ၄ နာရီလောက်မှာ တောကန်ကျေးရွာကို ကယ်ရီသွားတယ်။ ပြန်လာတော့ ရွာထိပ်မှာချထားတဲ့ စစ်ဆေးရေးဂိတ်က စစ်သားတွေက ဖမ်းထားလိုက်တာ။ သူကို AA နဲ့ဆက်စပ်တယ်။ စစ်ဆေးစရာရှိတယ်ဆိုပြီးတော့ ဖမ်းသွားတာလို့သိရတယ်။ သူက ရွာမှာကယ်ရီဆွဲနေတာ။ ဘာ AA နဲ့မှဆက်စပ်မှုမရှိဘူး”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ဦးမောင်ဆန်းဝင်းအား မြန်မာစစ်တပ်က မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည့်ကို မသိရသေးရကြောင်းနှင့် ၎င်းမှာ လူကြီးရောဂါအခံရှိသည့်အတွက် စိုးရိမ်မှုများရှိကြောင်းလည်း မိသားစုဝင်များကဆိုသည်။

သိန်းတန်ကျေးရွာအဝင်လမ်းတွင် မြန်မာစစ်တပ်က စစ်ဆေးရေးဂိတ်ချထားသည့်မှာ တစ်လခန့်ရှိပြီဖြစ်ကာ အဆိုပါကျေးရွာသို့ ဝင်၊ ထွက်သွားလာသူများကို စစ်ဆေးမေးမြန်းမှုများရှိနေသည်။ ဦးမောင်ဆန်းဝင်းဖမ်းဆီးခံရပြီးနောက် ကျေးရွာသားအချို့မှာ သံသယဖြင့် ဖမ်းဆီးလာမည်ကိုစိုးရိမ်သည့်အတွက် တိမ်းရှောင်နေသူများရှိကြောင်းလည်း ရွာသားများကပြောသည်။

ဦးမောင်ဆန်းဝင်းဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး သိန်းတန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က “သူက ရွာမှာကယ်ရီးဆွဲပါတယ်။ နောက်ပြီးတော့ အရက်ဆိုင်တွေက တခြားရွာတွေကို အရက်ပို့ခိုင်းရင် သွားပို့တယ်။ အဲဒီလိုလုပ်စားနေတာ။ ရွာမှာလည်း ရန်ဖြစ်တာတွေ ဘာတွေမရှိဘူး။ ကောင်းရောင်း၊ ကောင်းဝယ် လုပ်ကိုင်စားသောက်နေတာပါ”ဟု ၎င်းကဆိုသည်။

ထိုသို့သိန်းတန်ကျေးရွာမှ ဦးမောင်ဆန်းဝင်းကို ဖမ်းဆီးထားမှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ထိုသို့ဒေသခံများကို AA နှင့်ဆက်စပ်သည့်ဟုဆိုကာ အထောက်အထားခိုင်လုံမှုမရှိဘဲ သံယသဖြင့်ဖမ်းဆီးမှုများရှိနေသည်မှာ မတရားဖမ်းဆီးချုပ်နှောင်းမှုဖြစ်ကြောင်း ရခိုင်လူ့အခွင့်အရေးလှုပ်ရှားသူများက ဝေဖန်နေကြသည်။

ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးမြတ်ထွန်းက “အရပ်သားပြည်သူတွေကို အခုလို အထောက်အထားခိုင်လုံမှုမရှိဘဲ ဖမ်းတာကတော့ မတရားဖမ်းဆီးချုပ်နှောင်တာဖြစ်တယ်။ လူ့အခွင့်အရေးအရပြောရမယ်ဆိုရင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်-၅ နဲ့ ငြိမ့်စွန်းတယ်”ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလကလည်း သိန်းတန်ကျေးရွာမှ ဦးကျော်မောင်(၄၄)နှစ်နှင့် ဦးဝင်းဌေး (၄၄)နှစ်တို့ကို AA အဖွဲ့ထံသို့ ငွေကြေးနှင့်ရိက္ခာများ ပို့ဆောင်သည်ဟုဆိုကာ မြန်မာစစ်တပ်က ဖမ်းဆီးမှုများရှိခဲ့သည်။

ရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးတင်းမာနေမှုကြောင့် တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားလာခြင်းနှင့်အတူ တိုက်ပွဲအရှိန်လည်း တစ်နေ့ထက်တစ်နေ့ပိုမိုမြင့်မားလာနေပြီး တိုက်ပွဲနေရာများမှာလည်း ပိုမိုကျယ်ပြန့်လာနေသည်ဟု

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)က ယနေ့(သြဂုတ်လ ၂၃ ရက်)တွင် ထုတ်ပြန်ထားသည်။

ဗီဒီယိုများ