အွန်လိုင်းစနစ်ဖြင့်မဟုတ်ဘဲ လူကိုယ်တိုင်သွားရောက်ရုံးထုတ်စစ်ဆေးဖို့ NLD အမတ် ဦးမင်းအောင်တောင်းဆို

ဆက်သွယ်ရေးနည်းပညာ အခက်အခဲများရှိသဖြင့် အွန်လိုင်းစနစ်ဖြင့် ရုံးမထုတ်ဘဲ အကျဉ်းထောင်မှ တရားရုံးသို့ လူကိုယ်တိုင်သွားရောက် အစစ်ဆေးခံလိုကြောင်း မနေ့က မတ်လ ၁၀ ရက်နေ့ ရုံးထုတ်မှာ NLD အမတ်ဟောင်း ဦးမင်းအောင်အပါအဝင် သုံးဦးက တရားရုံးသို့ တောင်းဆိုလိုက်သည်။

11 Mar 2021

DMG ၊ မတ် ၁၁

ဆက်သွယ်ရေးနည်းပညာ အခက်အခဲများရှိသဖြင့် အွန်လိုင်းစနစ်ဖြင့် ရုံးမထုတ်ဘဲ အကျဉ်းထောင်မှ တရားရုံးသို့ လူကိုယ်တိုင်သွားရောက် အစစ်ဆေးခံလိုကြောင်း မနေ့က မတ်လ ၁၀ ရက်နေ့ ရုံးထုတ်မှာ NLD အမတ်ဟောင်း ဦးမင်းအောင်အပါအဝင် သုံးဦးက တရားရုံးသို့ တောင်းဆိုလိုက်သည်။

“ကျမတို့ဘက်က အမှုသည်ရဲ့ သဘောဆန္ဒကို သိချင်ပါတယ်ဆိုပြီး ဦးမင်းအောင်ကိုမေးတော့ သူက အွန်လိုင်းကလုပ်တာမှာ ဆက်သွယ်ရေးနည်းပညာတွေ အဆင်မပြေတာတွေ ဖြစ်တဲ့အတွက် ရုံးထုတ်ပြီးတော့ စစ်ဆေးစေချင်တယ်လို့ပြောတယ်။ သူရဲ့ ဆန္ဒအတိုင်း တရားရုံးကို လျှောက်တော့ တရားရုံးက လုံခြုံရေးအခြေအနေအရ ထုတ်ပေးလို့အဆင်မပြေဆိုပြီး ပြောတယ်” ဟု ယင်းအမှုကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြောသည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်နှင့် ပါတီဝင်သုံးဦးကို ယနေ့ မတ်လ ၁၀ ရက်နေ့တွင် ဗွီဒီယိုအွန်လိုင်းစနစ်ဖြင့် တောင်ကုတ်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေများထံမှ သိရသည်။

ရုံးချိန်းတွင် ရှေ့နေပါဝါတင်ပြီးနောက် ဦးမင်းအောင်ပါအမှုကို လုံခြုံရေးအခြေအနေကြောင့် ဗွီဒီယို အွန်လိုင်းစနစ်ဖြင့်သာ ဆက်လက်ရုံးထုတ်စစ်ဆေးသွားမည်ဟု တရားရုံးမှပြောဆိုကြောင်း ဦးမင်းအောင်၏အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က ဆိုသည်။

အမှုနှင့်ပတ်သက်ပြီး လာမည့် မတ်လ ၁၉ ရက်နေ့ကို ရုံးချိန်းလိုက်ကာ ယင်းနေ့တွင် တရားလိုများကို စစ်ဆေးမည်ဟု ဒေါ်သိင်္ဂီမောင်က ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့က တောင်ကုတ်မြို့၌ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်မှုနှင့် အခမ်းအနားတစ်ခုကို ပြုလုပ်ပြီးနောက် ယင်းနေ့တွင်ပင် ဦးမင်းအောင်နှင့်ပါဝင်သူတချို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

“ဦးမင်းအောင်ကို တရားရုံးက ချုပ်ရမန်ပေးထားတာက ရဲစခန်းမှာ ထိန်းသိမ်းထားဖို့ပဲ ပေးထားတယ်။ ကျနော်တို့ ရဲစခန်းမှာ စုံစမ်းကြည့်လိုက်တော့ တပ်ရင်း ၅၄၄ မှာ ထားတယ်လို့ပြောတယ်။ ကျနော်တို့ကတော့ သူတို့ကို ဥပဒေနဲ့အညီ စစ်ဆေးစီရင်စေချင်တယ်။ ဥပဒေအရပဲ ခုခံချေပချင်တယ်။ တရားရုံးရဲ့ ရှေ့မှောက်မှာ အများပြည်သူတွေရဲ့ရှေ့မှာ အမှုကိုစစ်ဆေးစေချင်တယ်” ဟု ဥပဒေရေးအရာကုစားရေးအဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဦးဦးညွန့်မောင်က တောင်းဆိုသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅)၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ရာ ဥပဒေပုဒ်မ (၁၉) တို့ဖြင့် တရားစွဲဆိုခံထားရသူများမှာ ဦးမင်းအောင်၊ တောင်ကုတ်မြို့နယ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင်နှင့် ပါတီဝင်  ကိုသန့်ဇင်ဖြိုးတို့ဖြစ်ကြသည်။ ပါတီဝင် ကိုချစ်မောင်မောင်မှာ ဘေးစီမံပုဒ်မ၊ နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။

၎င်းတို့ကို တောင်ကုတ်မြို့မရဲစခန်းမှ ဒုရဲမှူး ဇော်လတ်နှင့်  သံတွဲခရိုင် သဘာဝဘေးအန္တရာယ်နှင့် ကာကွယ်ရေး ပစ္စည်းထိန်းသိမ်းရေးဌာနမှ ဦးစီးမှူး ဒေါ်မြင့်သူသင်းတို့မှ တရားလိုပြုလုပ်ကာ  တရားစွဲဆိုထားခြင်းဖြစ်သည်။

ဗီဒီယိုများ