ရခိုင်တွင် စစ်တပ်ကဖမ်းဆီးပြီး မိသားစုနှင့် လုံးဝအဆက်သွယ်မရသေးသူ ၁၀ ဦးထက်မနည်းရှိ

ပြီးခဲ့သည့်ဇူလိုင်လအတွင်း မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် ဒေသခံ ၅၀ ကျော်ထဲမှ တချို့ကိုပြန်လွှတ်ပေးခဲ့သော်လည်း ကျန်ရှိသူများကို နိုင်ငံတော်ဆူပူလုံဆော်မှုဆိုင်ရာဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲခံထားရကာ ယနေ့အချိန်ထိ မိသားစုနှင့် လုံးဝအဆက်အသွယ်မရသေးသူ ၁၀ ဦးထက်မနည်းရှိနေသည်။

25 Aug 2022

ဖမ်းဆီးခံထားရပြီး မိသားစုနှင့်အဆက်အသွယ်မရသေးသည့် ပုဏ္ဏားကျွန်းမြို့မှ ဦးမောင်သီးခိုင်နှင့် ကျောက်တောမြို့က ဝိရတနာစစ်ဘေးရှောင်စခန်းမှ ကိုကျော်ဟိန်းတို့အား တွေ့ရစဉ်။

DMG ၊ သြဂုတ် ၂၅

ပြီးခဲ့သည့်ဇူလိုင်လအတွင်း မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် ဒေသခံ ၅၀ ကျော်ထဲမှ တချို့ကိုပြန်လွှတ်ပေးခဲ့သော်လည်း ကျန်ရှိသူများကို နိုင်ငံတော်ဆူပူလုံဆော်မှုဆိုင်ရာဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲခံထားရကာ ယနေ့အချိန်ထိ မိသားစုနှင့် လုံးဝအဆက်အသွယ်မရသေးသူ ၁၀ ဦးထက်မနည်းရှိနေသည်။

DMG က ပြုစုထားသည့်စားရင်းအရ မိသားစုနှင့် လုံဝအဆက်အသွယ်မရသေးသူများမှာ မောင်တော၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်မှ ဒေသခံ ၁၀ ဦးထက်မနည်းရှိနေပြီး လက်ရှိ တစ်လကျော်ကြာသည့်တိုင် မြန်မာစစ်တပ်က လုံးဝတွေ့ခွင့်မပေးခြင်းဖြစ်ကြောင်း မိသားစုဝင်များကပြောသည်။

ဇူလိုင်လ ၁၉ ရက်နေ့က ကျောက်တော်မြို့၊ ကဝိရတနာ စစ်ဘေးရှောင်စခန်းမှ ကိုကျော်ဟိန်းဆိုသူမှာ မဟာကံကြီးရှင်စစ်ဘေးရှောင်စခန်းမှ လူနာတစ်ဦးအား ဆေးကုသ၍ပြန်လာစဉ် လမ်းတွင် မြန်မာစစ်တပ်၏ ဖမ်းဆီးခြင်းကိုခံလိုက်ရပြီး ယနေ့အချိန်ထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးပေ။

အလားတူ ကျောက်တော်မြို့နယ်တွင် သြဂုတ်လ ၁ ရက်နေ့က နှစ်ဘီးဆိုင်ကယ်(ကယ်ရီ)မောင်းနေသည့် သရက်တပင်ကျေးရွမှ ဦးမောင်စောသာမှာ ခရီးသည်နှစ်ဦးကို မဟာမြတ်မုနိဘုရားသို့သွားပို့စဉ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး အချိန်တစ်လနီးပါးကြာမြင့်လာသော်လည်း ယနေ့ထိ အဆက်အသွယ်မရသေးကြောင်း ဇနီးဖြစ်သူ ဒေါ်မအေးခင်က DMG သို့ပြောသည်။

“ဒီနေ့အထိ အဆက်အသွယ်မရသေးပါဘူး။ ကျောက်တော်တပ်နယ်မှာ ရှိတယ်လို့ပြောသံကြားတယ်။ ဒါပေမယ့် ကျွန်မ မသွားရဲဘူး။ ဖမ်းမှာကိုကြောက်တယ်။ ရွာကအုပ်ချုပ်ရေးမှူးကိုပြောတော့လည် တွေ့ခွင့်ရမှာမဟုတ်ဘူးလို့ပြောတယ်။ သေသွားပြီးလို့လည်း ကောလာဟလသတင်းတွေလည်း ကြားနေရတယ်။ဒါကြောင့် စိုးရိမ်မှုရှိတာပေါ့”ဟု ၎င်းကဆိုသည်။

အလားတူ ပြီးခဲ့သည့်ဇူလိုင်လ ၁၉ ရက်နေ့က ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်မှ ဦးမိုးသီးခိုင်(၅၀ နှစ်)နှင့် ဦးမောင်ဆန်း (၄၀ နှစ်)တို့ကို မြန်မာစစ်တပ်က နေအိမ်မှဖမ်းဆီးသွားပြီး ယနေ့အချိန် အဆက်အသွယ်မရသေး၍ တစုံတစ်ရာဖြစ်နေမည်ကို စိုးရိမ်နေရကြောင်း ဦးမိုးသီးခိုင်၏ မိသားစုဝင်တစ်ဦးက DMG သို့ပြောသည်။

“ဒီနေ့အချိန်ထိ အဆက်အသွယ်မရသေးဘူး။ ၅၅၀ တပ်ရင်းမှာလိုတော့ ပြောသံကြားတယ်။ ကျနော်တို့လည်းသွားမေးတော့ ဒီမှာမရှိဘူး။ ကျနော်တို့ဖမ်းတာလည်း မဟုတ်ဘူးလို့ပြောတယ်။ ဖမ်းသွားတာ အခုဆိုရင်တစ်လကျော်ရှိပြီ။ လုံးဝအဆက်အသွယ်မရသေးဘူး”ဟု ၎င်းကဆိုသည်။

ဦးမိုးသီးခိုင်မှာ စံပြရပ်ကွက်တွင် ပရဟိတလုပ်ငန်းများကို လုပ်ကိုင်နေသူတစ်ဦးဖြစ်ကာ ၎င်းနှင့်အတူ စံပြရပ်ကွက်၊ လိပ်ကုန်းပြင် အုန်းတောပိုင်းမှ စားသောက်ဆိုင်ရောင်းနေသူ ဦးမောင်ဆန်းမှာလည်း အဆက်အသွယ်ပြတ်တောက်နေကြောင်း မိသားစုဝင်များထံမှ သိရသည်။

ယင်းအပြင် ပြီးခဲသည့် ဇူလိုင် ၁၉ ရက်နေ့က မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာ သား ၂ ဦးနှင့် သာယာကုန်း(တောင်ပြို)ကျေးရွာမှ ကျေးရွာတာဝန်ခံတို့ကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတို့က ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူများမှာ ကြိမ်ချောင်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဘုန်းကိုနိုင်၊ ကိုထွန်းချေ၊ ကိုထွန်းကြိုင်နှင့် သာယာကုန်း(တောင်ပြို)ကျေးရွာတာဝန်ခံ ဦးဘသိန်းတို့ကိုဖြစ်ပြီး တစ်လကျော်ကြာမြင့်လာသော်လည်း တွေ့ဆုံခွင့်မရသေးကြောင်း ဦးဘသိန်း၏အစ်မဖြစ်သူ ဒေါ်မစိန်မြက DMG သို့ပြောသည်။

“မနေ့က မောင်တောကြိမ်ချောင်းဂိတ် နခခ(၇)မှာရှိတယ်ဆိုပြီးတော့ ပြောသံကြားလို့သွားကြည့်တယ်။ သူတို့ပြောတာကတော့ ရှိတယ်လို့ပြောတယ်။ ဒါပေမယ့်တွေ့ခွင့်မရဘူး။ တွေ့ခွင့်မရတော့ ကျမတို့ကမယုံကြည်ဘူး။ ကျမတို့ အခုဆိုရင်သွားကြည့်တာ ၁၀ ခေါက်ထက်မနည်းတော့ဘူး။ ကျမမောင်နဲ့ တွေ့ခွင့်ရချင်တယ်”ဟု ၎င်းကဆိုသည်။

အဆိုပါဖမ်းဆီးခံဒေသခံများကို တွေ့ခွင့်မရသေးသည့်အကြောင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

လက်ရှိ ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးတင်းမာနေပြီး ရသေ့တောင်၊ မောင်တောနှင့် ချင်းပြည်နယ်၊ ပလက်ဝဒေသတို့တွင် တိုက်ပွဲဖြစ်ပွားမှုများရှိနေသည်။

ဗီဒီယိုများ