ဘူးသီးတောင်က ကျောင်းသား/သူများကျည်ထိမှန်မှု ဝမ်းနည်းကြောင်း နိုင်ငံတကာသံရုံးများနှင့် ယူနီဆက် ထုတ်ပြန်

မြန်မာနိုင်ငံ၏ ကလေးများနေ့(ဖေဖော်ဝါရီလ ၁၃ ရက်နေ့)က ဘူးသီးတောင်မြို့နယ်၊ ခမီချောင်းကျေးရွာ မူလတန်းလွန်ကျောင်းကို လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသား၊ကျောင်းသူ (၂၁ ) ဦးဒဏ်ရာရရှိမှုနှင့်ပတ်သက်ပြီး ဝမ်းနည်းရကြောင်း ကနေဒါ၊ ဗြိတိသျှ၊ အမေရိကန်သံရုံးနှင့် ယူနီဆက်တို့က ထုတ်ပြန်သည်။

By နေရောင်မင်း 14 Feb 2020

(ဓာတ်ပုံ - ချလူးအောင်)

နေရောင်မင်း | DMG
ဖေဖော်ဝါရီ ၁၄၊ ရန်ကုန်

မြန်မာနိုင်ငံ၏ ကလေးများနေ့(ဖေဖော်ဝါရီလ ၁၃ ရက်နေ့)က ဘူးသီးတောင်မြို့နယ်၊ ခမီချောင်းကျေးရွာ မူလတန်းလွန်ကျောင်းကို လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသား၊ကျောင်းသူ (၂၁ ) ဦးဒဏ်ရာရရှိမှုနှင့်ပတ်သက်ပြီး ဝမ်းနည်းရကြောင်း ကနေဒါ၊ ဗြိတိသျှ၊ အမေရိကန်သံရုံးနှင့် ယူနီဆက်တို့က ထုတ်ပြန်သည်။

တိုက်ပွဲအကျိုးဆက်ကြောင့် စာသင်ကျောင်းများအပေါ် မကြာခဏထိခိုက်စေမှုများနှင့် ကလေးငယ်များ သေဆုံးဒဏ်ရာရရှိမှုများ မြင့်တက်လာနေကြောင်း အစီရင်ခံမှုများနှင့်ပတ်သက်၍ လွန်စွာစိုးရိမ်ပူပန်မိသည်ဟု ယူနီဆက်က ယနေ့ထုတ်ပြန်သည်။

ပဋိပက္ခဖြစ်ပွားမှုတွင်ပါဝင်သော သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးအား ကလေးသူငယ်အခွင့်အရေးများဥပဒေ၊ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်နှင့် နိုင်ငံတကာဥပဒေများအရ စောင့်ထိန်းရမည့် တာဝန်ဝတ္တရားများကဲ့သို့ နိုင်ငံလုံးဆိုင်ရာဥ ဥပဒမူဘောင်များနှင့်အညီ ကျောင်းများ၏ပြည်သူ့ဂုဏ်ရည်ကို အပြည့်အဝအလေးထားရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျောင်းတွေအတွင်း သို့မဟုတ် ကျောင်းတွေအနီးဝန်းကျင်မှာ လက်နက်ကိုင်တိုက်ခိုက်သူတွေ ရှိနေတာဟာ ကျောင်းတွေကို ပစ်မှတ်ထားခံရမယ့်အန္တရာယ်၊ ကျောင်းသူ/သားတွေနဲ့ ကျောင်းအဆောက်အအုံတွေ ပျက်စီးနိုင်တဲ့ အန္တရာယ်တို့ကို မြင့်တက်စေပါတယ်” ဟုလည်း ယူနီဆက်က ဆိုသည်။

ထို့ပြင် ကျောင်းသား၊ကျောင်းသူများအား ကျောင်းအတွင်း လုံခြုံဘေးကင်းစွာထားရှိပေးရန် တာဝန်ရှိပြီး ပဋိပက္ခတွင်ပါဝင်သည့် အဖွဲ့အစည်းများအားလုံးက အစဉ်အမြဲ ကလေးငယ်များအတွက် ထိန်းချုပ်ကန့်သတ်ပြီး ကာကွယ်ပေးရန် ယူနီဆက်က တိုက်တွန်းထားသည်ကိုလည်း တွေ့ရသည်။

အလားတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း ဒဏ်ရာရရှိသူများအတွက် များစွာကြေကွဲဝမ်းနည်းရပြီး မကြာသေးမီလများအတွင်း တိုးပွားလာသော ပဋိပက္ခများကြောင့် ပြည်သူများစွာ သေကြေ၊ဒဏ်ရာရရှိကြမှုများအတွက် စိတ်မကောင်းဟု ထုတ်ပြန်သည်။

“ပြည်သူ့အသိုက်အဝန်းများစွာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဒီလိုအတိဒုက္ခရောက်မှုတွေအတွက် မိမိတို့ စိတ်မကောင်းကြီးစွာဖြစ်ရပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ငြိမ်းချမ်းမှုကိုရှာဖွေနေတဲ့ သင်တို့နဲ့အတူ မိတ်ဖက်အဖြစ် ဆက်လက်ရပ်တည်နေပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဗြိတိသျှသံရုံးကလည်း တိုက်ပွဲများရပ်ဆိုင်းပြီး ပြည်သူများကို အစွမ်းကုန်အကာအကွယ်ပေးရန် တိုက်တွန်းထားပြီး ပြည်သူများအနေဖြင့် ဖြစ်ပျက်နေသည့်အကြောင်းအရာများကို ပိုမိုနားလည်သိရှိနိုင်ရန်အတွက် ရခိုင်ပြည်နယ်အတွင်းရှိ အင်တာနက်ဖြတ်တောက်မှုများကို ရပ်တန့်ပေးရန်လည်း တိုက်တွန်းထားသည်။

“ထိုကဲ့သို့ ရပ်တန့်ပေးမှုတွေက အပြစ်မဲ့ပြည်သူတွေကို ကာကွယ်ဖို့ အထောက်အကူဖြစ်စေပါတယ်” ဟု ဗြိတိသျှသံအမတ် ဒန်ချက်က ပြောသည်။

အလားတူ ကနေဒါနိုင်ငံသံရုံးကလည်း တိုက်ပွဲရပ်တန့်ရန်၊ မကျေနပ်မှုများကို အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးမှုများမှတစ်ဆင့် အဖြေရှာကြရန်၊ အရပ်သားများနှင့်အရပ်သားများ၏ အခြေခံအဆောက်အဦများကို ကာကွယ်ပေးရန်၊ နိုင်ငံတကာ လူသားချင်းစာနာမှုဥပေဒများကိုလိုက်နာရန် တောင်းဆိုထားသည်။

ထို့ပြင် ရခိုင်နှင့်ချင်းပြည်နယ်ရှိ မြို့နယ်များကို အင်တာနက်ပြန်လည်ဖွင့်လှစ်ပေးရန်၊ လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေးအတွက် အကန့်အသတ်မရှိ သွားလာခွင့်ပြုရန်လည်း မြန်မာအစိုးရကို တောင်းဆိုထားသည်ကို တွေ့ရသည်။

ခမီချောင်းမူလတန်းလွန်ကျောင်းကို လက်နက်ကြီးကျည်ထိမှန်မှုနှင့်ပတ်သက်ပြီး တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ အပြန်အလှန်စွပ်စွဲနေကြသည်။

ရခိုင်ပြည်နယ်တွင် လက်နက်ကြီးကျည်ထိမှန်မှု၊ မိုင်းပေါက်ကွဲမှု၊ ပစ်ခတ်ခံရမှုတို့ကြောင့် သေဆုံးသူ (၁၃၀) ကျော်နှင့် ဒဏ်ရာရရှိသူ (၃၆၀)ကျော်ရှိသည်ဟု ရက္ခိုင်ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်)၏ စာရင်းအရ သိရသည်။

ဆက်စပ်သတင်းများ - 

ဗီဒီယိုများ