မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် (၉) လအတွင်း ကလေးငယ် ၁၃ ဦးသေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရ

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက် ဆိုးကျိုးကြောင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ (၉)လတာကာလအတွင်း ကလေးငယ် ၁၃ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၅၆ ဦးအထိ ရှိခဲ့ကြောင်း ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့(UNICEF)က ထုတ်ပြန်ထားသည်။

By အောင်ထိန် 24 Nov 2020

အောင်ထိန် | DMG
နိုဝင်ဘာ ၂၄ ၊ စစ်တွေ

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက် ဆိုးကျိုးကြောင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ (၉)လတာကာလအတွင်း ကလေးငယ် ၁၃ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၅၆ ဦးအထိ ရှိခဲ့ကြောင်း ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့(UNICEF)က ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားနေသည့် နယ်မြေများ၌ မိုင်းနှင့်စစ်ကျန်လက်များကြောင့် မကြာခဏ အရပ်သားထိခိုက်ဒဏ်ရာရမှုများရှိပြီး ကလေးငယ်များမှာ အထိအခိုက်အလွယ်ဆုံးဖြစ်ကာ ပေါက်ကွဲမှုအကျိုးသက်ရောက်မှုဒဏ်ကိုလည်း လူကြီးများထက် ပိုမိုခံစားရသဖြင့် သေဆုံးဒဏ်ရာရရှိမှု ပိုများသည်ဟု UNICEF က နိုဝင်ဘာလ ၂၃ ရက်နေ့က ထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုများကြောင့် သေဆုံးဒဏ်ရာရရှိမှု ၃၅ ရာခိုင်နှုန်းမှာ ကလေးငယ်များဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ကလေးသူငယ်ထိခိုက်သေဆုံးမှု ၄၇ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ကြောင်း UNICEF ၏ စာရင်းများအရ သိရသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများ၏ အကျိုးဆက်အဖြစ် ၂၀၂၀ ဇန်နဝါရီလမှ ဇွန်အထိ ကလေးငယ်သေဆုံးသူ ၄၃ ဦးနှင့် ကိုယ်လက်အင်္ဂါချို့ယွင်းသူ ၁၀၃ ဦးအထိ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်နက်ကိုင်ပဋိပက္ခအတွင်း ပါဝင်နေကြသည့် အဖွဲ့အစည်းများအနေဖြင့် ကလေးငယ်များ၏ ဘေးကင်းလုံခြုံ စေရန်နှင့် ကာကွယ်စောင့်ရှောက်မှုအခွင့်အရေးကို ထိန်းသိမ်းရန်အတွက် မြေမြှုပ်မိုင်းများ အသုံးပြုခြင်းကို ရပ်တန့်ရန်၊ မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်ပစ္စည်းများအား ရှင်းလင်းရန် တိုက်တွန်းထားသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က “စစ်ကျန်လက်နက်နဲ့ မိုင်းအန္တရာယ်ကို ရှင်းလင်းမယ်ဆိုရင် နိုင်ငံတကာကနေပြီးတော့ ကမ္ဘာ့ရန်ပုံငွေအဖြစ် ဘယ်လောက်သုံးစွဲမယ် ဆိုတာကို သူတို့ဖက်ကတတ်ရင် တတ်နိုင်လိမ့်မယ်။ ဒါပေမယ့် ဒီအစိုးဖက်က ဒါကို လိုလိုလားလား လက်ခံမယ်ဆိုရင် ဖြစ်နိုင်တယ်။ ဒါပေမယ့် မြန်မာနိုင်ငံအစိုးရအနေနဲ့ ဒီကိစ္စဟာ ပြည်သူလူထုအသက်ကို ကာကွယ်ဖို့အတွက် လုပ်သင့်တယ်ဆိုရင် ဒီကိစ္စက ဖြစ်နိုင်တယ်” ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားနေသည့် နယ်မြေများ၌ မိုင်းနှင့် စစ်ကျန်လက်နက်များနှင့်ပတ်သက်၍ ပြည်တွင်းရှိ NGO အဖွဲ့ အစည်းများမှ ဒေသခံများကို အသိပညာပေးမှုများလုပ်ပေးသင့်ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ထောက်ပြပြောဆိုသည်။

“ဒါတွေနဲ့ပတ်သက်လို့ NGO အဖွဲ့တွေအနေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွမှာ မိုင်းနဲ့ပတ်သက်တဲ့ဟာတွေကို အသိပညာပေးမှုတွေ လုပ်ဆောင်ပေးဖို့ လိုအပ်တယ်။ အဲဒီနယ်မြေတွေက လူကြီးတွေက မိုင်းစတဲ့ပေါက်ကွဲ စေတတ်တဲ့ စစ်ကျန်ပစ္စည်းတွေနဲ့ပတ်သက်လို့ ဘယ်လိုကာကွယ်ရမယ်ဆိုတာကိုသိမှ ကလေးတွေကို မလုပ်ဖို့ မကိုင်ဖို့ တားဆီးနိုင်မယ်” ဟု ၎င်းကဆိုသည်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ဘူးသီးတောင် စသည့်မြို့နယ်တို့တွင် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ မိုင်းအန္တရာယ်အသိပညာပေးမှုများကို လုပ်ဆောင်လျက် ရှိသည်။

“ကလေးဆိုတာမျိုးက ဆော့ကစားတတ်ပါတယ်။ အန္တရာယ်ဖြစ်မယ်ဆိုတာကို သူတို့ကမသိဘူး။ အသက်ကြီး သူတွေတောင်မှ ဒါဟာ ယမ်းနဲ့လုပ်တဲ့ဟာဖြစ်တယ်။ ဒါ အန္တရာယ်ရှိတယ်ဆိုပြီး မသိတာကြောင့် ရလာတဲ့ ပစ္စည်းတွေကိုတောင်မှ အိမ်ကိုယူလာပြီး ပေါက်ကွဲသွားတဲ့ အနေအထားရှိတာကြောင့် ကျွန်တော်တို့ ဒီကဏ္ဍကို ကာကွယ်မယ်ဆိုရင် အချိန်အများကြီးယူပြီးတော့ လူထုအသိပညာပေးမှုကို အများကြီးလုပ်ဆောင်ရမှာ ဖြစ်တယ်” ဟု REC ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်တော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်ကာလအတွင်း လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှု၊ မိုင်းထိမှန်မှုနှင့် စစ်ကျန်လက်နက်ထိမှန်မှုတို့ကြောင့် ၂၀၂၀ ပြည့်နှစ် ဇွန်လမှ နိုဝင်ဘလာ ၂၄ ရက်နေ့အထိ အရပ်သားသေဆုံးသူ ၅၆ ဦးနှင့် ဒဏ်ရာရရှိသူ ၁၆၁ ဦးအထိ ရှိခဲ့သည်။

ဗီဒီယိုများ