ရခိုင်စစ်ဘေးရှောင်အများစု အကြွေးနွံနစ်မှုပြဿနာနှင့် ရင်ဆိုင်နေရဟု ကုလထောက်ပြ

ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာရသူ စစ်ဘေးရှောင်အများစုမှာ ကိုဗစ်ကပ်ရောဂါ၊ အလုပ်လက်မဲ့ဖြစ်မှုနှင့် ဝင်ငွေနည်းမှုများကြောင့် ချေးငွေချေးယူပြီး ပြန်မဆပ်နိုင်သော ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂအဖွဲ့တစ်ခုဖြစ်သည့် UNOCHA (မြန်မာ)က ဒီဇင်ဘာလ ၂၄ ရက်နေ့က ထုတ်ပြန်လိုက်သည်။

26 Dec 2020

ခင်သရဖီဦး | DMG
ဒီဇင်ဘာ ၂၆ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာရသူ စစ်ဘေးရှောင်အများစုမှာ ကိုဗစ်ကပ်ရောဂါ၊ အလုပ်လက်မဲ့ဖြစ်မှုနှင့် ဝင်ငွေနည်းမှုများကြောင့် ချေးငွေချေးယူပြီး ပြန်မဆပ်နိုင်သော ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂအဖွဲ့တစ်ခုဖြစ်သည့် UNOCHA (မြန်မာ)က ဒီဇင်ဘာလ ၂၄ ရက်နေ့က ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်ရှိ အနယ်နယ်အရပ်ရပ်မှ စစ်ဘေးရှောင်များမှာ စားဝတ်နေရေးနှင့် အလုပ်အကိုင်အခွင့် အလမ်းနည်းပါးသည့်အတွက် အကြွေးနွံနစ်မှု ပြဿနာနှင့် ရင်ဆိုင်နေရသည့်အတွက် အဆင်မပြေမှုများ ရှိနေကြောင်း စစ်ဘေးရှောင်များက ပြောသည်။

စစ်ဘေးရှောင်များကို အကူအညီပေးသည့် အဖွဲ့အစည်းများအနေဖြင့် ကူညီဆောင်ရွက်ပေးရာတွင် အဝတ်အထည်၊ စားသုံးကုန်များနှင့် ဆန်များကိုသာ အဓိက ထောက်ပံ့ပေးလေ့ရှိပြီး တစ်နေ့တာ အသုံးစရိတ်များအတွက် ငွေကြေးထောက်ပံ့ပေးမှုများမရှိသည့်အတွက် ချေးငှားသုံးစွဲနေရကြောင်းဆိုသည်။

“ကျနော်က အသက် ၅၀ လည်း ကျော်နေပြီဆိုတော့ အလုပ်လုပ်ဖို့အတွက်လည်း လူကလည်း မကြိုက်တော့ဘူး၊ အခုက ရွှေရှိရင် ရွှေပေါင်၊ အိမ်ရှိတဲ့သူက အိမ်ပေါင်နဲ့၊ နွားရှိရင် နွားပေါင်ထားရတာပေါ့၊ အရင်က နီးစပ်ရာက ငွေချေးထားတာလည်း လများလာတော့ အတိုးများလာပြီး၊ ချေးလည်းမချေးရဲ့တော့ဘူး၊ အခုက တကယ် အခက်အခဲဖြစ်နေပါတယ်။ လယ်ကလည်း မလုပ်လိုက်ရတော့ အဆင်မပြေပါဘူး။ အကြွေတွေးကလည်း ထူနေပါပြီ ” ဟု မင်းပြားမြို့နယ် ဖားပြိုစစ်ဘေးရှောင်စခန်းမှ ဦးမောင်ထွန်းလှက ပြောသည်။

၎င်းအပြင် အမ်းမြို့နယ် ဆင်အုန်းတိုက်ကျေးရွာမှ မြေပုံမြို့နယ် ကမ်းထောင့်ကြီး စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် ဒေါ်လှနုဝေမှာလည်း အရပ်ဘက်အဖွဲ့များနှင့် WFP မှ ထောက်ပံ့ပေးသည့် ငွေများနှင့်လည်း လုံလောက်မှုမရှိသည့်အတွက် အပြင်မှချေးငွေများ ယူနေရကြောင်းဆိုသည်။

“အလုပ်အကိုင်ကလည်း အခုချိန်က အရမ်းကျပ်တာ တမျိုး။ နောက်တခုက ကိုယ့်ရွာကိုယ့်ဒေသ မဟုတ်တဲ့အတွက် ဘယ်မှာ ဘာလုပ်ရမှာလဲဆိုတာလည်း မသိဘူး။ ငွေက ကုန်သွားရင် အတိုးနဲ့ချေးလိုက်၊ အဒီငွေကို WFP က ရရင် ပြန်ပေးလိုက်၊ မပေးနိုင်ရင်တော့ တခုခုအပေါင်ထားလိုက်ပေါ့” ဟု ၎င်းကပြောသည်။

တခြား စစ်ဘေးရှောင်စခန်းများတွင်လည်း အစိုးရမှတစ်နေ့တာ ဆန်နှစ်ဗူးထောက်ပံ့ပေးခြင်းသာရှိပြီး တခြားလိုအပ်သည့် ရိက္ခာပစ္စည်းများဝယ်ယူရန် ငွေကြေးမရှိသည့်အတွက် အလုပ်အကိုင်အခွင့်အလမ်း ချပေးရန်လိုအပ်ကြောင်း ဘူးသီးတောင်မြို့နယ်ရှိ ရန်အောင်မြေ စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးက္ကန္ဒဝံသက မိန့်ကြားသည်။

“စစ်ဘေးရှောင်တွေအတွက် အဓိက အလုပ်အကိုင်တွေ လိုအပ်ပါတယ်။ သူတို့က အလုပ်အကိုင်မရှိတော့ အဆင်မပြေဘူး၊ အဲဒါကြောင့် သူတို့ကို တစ်နေ့တာအဆင်ပြေစေဖို့အတွက် တစ်ခုခုတော့ လုပ်ပေးစေချင်ပါတယ်” ဟု ၎င်းက မိန့်ဆိုသည်။

စစ်ဘေးရှောင်စခန်းများအတွက် ငွေကြေးထောက်ပံ့မှုများ ပြုလုပ်နေသည့် ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (ရခိုင်ပြည်) မှ ဒါရိုက်တာ ဦးခိုင်ကောင်းစံကလည်း "အလုပ်အကိုင် အခွင့်အလမ်းကလည်း နည်းနည်း ခက်သေးတယ်လို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ ၂ နှစ်မှာ အလုပ်အကိုင်ဖန်းတီဖို့ဆိုတာကလည်း နည်းနည်းခက်တာပေါ့ အစိုးရကို၌ကလည်း အဲဒီစစ်ဘေးရှောင်နေရာတွေကို မသွားနိုင်ဘူး အဓိကပြဿနာက။ သွားဖို့အတွက် လုံခြုံမှုမရှိတာကြောင့် သူတို့စိုးရိမ်တာပေါ့၊ အစိုးရအနေနဲ့ သွားနိုင်အောင် လမ်းစရှာဖို့လိုတယ်။ အဲဒါက အစိုးရရဲ့စီမံခန့်ခွဲမှုတွေ၊ တွေးခေါ်မှုအပိုင်းက အရေးကြီးတာပေါ့" ဟု ဆိုသည်။

စစ်ဘေးရှောင် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်ရေး ဆောင်ရွက်မှုအခြေအနေနှင့် ပတ်သက်ပြီး ရခိုင်ပြညနယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီးထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ဒီဇင်ဘာလ ပထမအပတ်က ပြုလုပ်ခဲ့သည့် UNOCHA (မြန်မာ) စစ်တမ်း၌ မောင်တောနှင့် စစ်တွေမြို့နယ်တို့တွင် နေထိုင်လျက်ရှိသည့် စစ်ဘေးရှောင် ၃၂၀ ဦးက ဝင်ရောက်ဖြေဆိုခဲ့သည်။

ဖြေဆိုသူ ၇၅ ရာခိုင်နှုန်းခန့်၏ ရလဒ်များအရ အိမ်ထောင်စု တစ်စုလျှင် မြန်မာငွေကျပ် ငါးသိန်းကျော် ချေးငွေရယူပြီး ပြန်မဆပ်နိုင်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။
ချေးငွေရယူရခြင်း၏ အဓိက အကြောင်းအရင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျစရိတ်၊ ကလေးမွေးဖွားစရိတ်၊ နေ့စဉ်အခြေခံအသုံးစရိတ် နှင့် အစားအသောက် ဝယ်ယူစရိတ်တို့ကို ဖြေရှင်းရန်ဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့မှ ထုတ်ပြန်ထားသည်။

Global Humanitarian Overview အရ မြန်မာနိုင်ငံက ပဋိပက္ခဒဏ်ခံစားရသူ ၉၄၄,၀၀၀ ၏ လိုအပ်ချက်တွေဖြည့်ဆည်းနိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၂၇၆.၅ သန်းလိုအပ်မည်ဖြစ်သည်။

ဗီဒီယိုများ