တက္ကသိုလ်များတွင် Online learing ဖြင့် သင်ကြားမည့်စနစ်မှာ ရခိုင်ပြည်အတွက် ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိကြောင်းဆို

လက်ရှိဖြစ်ပွားနေသည့် Covid-19 ကာလအတွင်း မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ်များတွင် (Online teaching and learning)ဖြင့် သင်ကြားပို့ချမည့်စနစ်မှာ ရခိုင်ပြည်နယ်အတွက် ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိကြောင်း ရခိုင်ပြည်ကျောင်းသားသမဂ္ဂ တာဝန်ရှိသူများက ပြောဆိုသည်။

16 Jul 2020

ခင်သရဖီဦး | DMG
ဇူလိုင် ၁၆ ၊ စစ်တွေ

လက်ရှိဖြစ်ပွားနေသည့် Covid-19 ကာလအတွင်း မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ်များတွင် (Online teaching and learning)ဖြင့် သင်ကြားပို့ချမည့်စနစ်မှာ ရခိုင်ပြည်နယ်အတွက် ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိကြောင်း ရခိုင်ပြည်ကျောင်းသားသမဂ္ဂ တာဝန်ရှိသူများက ပြောဆိုသည်။

အဆိုပါ ကာလအတွင်း၌ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ယူမှုအခွင့်အလမ်းများ မဆုံးရှုံး စေရန် ရည်ရွယ်လျှက် Online teaching and learning စနစ်ဖြင့် သင်ကြား၊ သင်ယူမှုလုပ်ငန်းများ အစားထိုး အကောင်ထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပါမောက္ခချုပ် ကော်မတီမှ ဇူလိုင်လ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

“အခုက အင်တာနက်လိုင်းမရတဲ့နေရာမှာ အင်တာနက်လိုင်းနဲ့ သင်မယ်ဆိုတာက ကျွန်တော်တို့ ပြည်အတွက် မပါဘူးလို့ ယူဆတယ်ပေါ့နော်။ တခြားတိုင်းနဲ့ ပြည်နယ်တွေမှာ လုပ်ဆောင်သွားမည့်ပုံစံမျိုး မြင်နေရတယ်။ ဆိုတော့ သူတို့အနေနဲ့ အခုလိုမျိုး လုပ်ဆောင်သွားရင် ကျွန်တော်တို့ က သူတို့အပေါ်မှာ ယုံကြည်မူတွေ ပပျောက်ပြီးတော့ ပဋိပက္ခဖက်ကို ပိုပြီးဦးတည်သွားမှာပေါ့” ဟု ရခိုင်ပြည်ကျောင်းသားသမဂ္ဂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဋ္ဌေးက ဆိုသည်။

ယင်းထုတ်ပြန်ချက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များအနေဖြင့် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအကြား အလွယ်တကူချိတ်ဆက်နိုင်မည့် email များ ပြုစုထားခြင်း၊ အတန်းလိုက်၊ ဘာသာရပ်များအလိုက် facebook grouping များ ဖွဲ့စည်းထားခြင်း၊ ကျောင်းစီမံခန့်ခွဲရေးအဖွဲ့၊ သင်တန်း ရေးရာဌာနနှင့် သင်ကြားရေးဌာနများတွင် network ဆောင်ရွက်ထားခြင်းတို့အပြင် ဘာသာရပ်အလိုက် Online teaching and learning curriculum content များ ကြိုတင်စီစဉ်ထားကာ Blended အစီအစဉ်များပါဝင်ရန် ကြိုတင်စီမံထားခြင်းတို့ လုပ်ဆောင်ရန် ညွှန်ကြားထားသည်။

ထိုသို့ ဆောင်ရွက်ခြင်းကို ကျောင်းသား၊ကျောင်းသူများအနေဖြင့် လက်ခံနိုင်သော်လည်း လက်ရှိ ရခိုင်ပြည်နယ် အတိုင်းအတာကိုကြည့်၍ အင်တာနက်လိုင်းကို ပြန်လည်ဖွင့်ပေးပြီးမှ လုပ်ဆောင်သင့်ကြောင်း ရခိုင်ပြည် ကျောင်းသားသမဂ္ဂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“သူတို့အနေနဲ့ လုပ်ချင်ရင်တော့ အင်တာနက်လိုင်းကို အရင်ဖွင့်ပေးပြီးတော့ ကျောင်းသူကျောင်းသားတွေရဲ့ အခက်အခဲကို အရင်ဖြေညှိပေးရမယ်။ အဲဒါမှ သူတို့အစီအစဉ်တွေက ကျွန်တော်တို့နဲ့ ကိုက်ညီမယ်ပေါ့ ”ဟု ၎င်းကရှင်းပြသည်။

ယင်းအပြင် ရခိုင်ပြည်နယ်အတွင်းရှိ ကျောင်းသားကျောင်းသူအားလုံး၌ ကွန်ပျူတာ၊ ဖုန်း စသည်တို့ကို လူတိုင်း ကိုင်ဆောင်နိုင်ခြင်းမရှိသေးသဖြင့် ထောက်ပံ့ရေးအစီအစဉ်များကိုလည်း ဦးစွာလုပ်ဆောင်သင့်ကြောင်း ကိုကျော်နိုင်ဋ္ဌေးက အကြံပြုသည်။

“အခုက Onlie ကနေ သင်ကြားမယ်ဆိုတော့ ကျွန်တော်တို့ဖက်မှာ အင်တာနက်လိုင်းမရတော့ အဆင်မပြေ ဘူးလေ။ ရတဲ့နေရာတွေရှိပါတယ်။ တောင်ထိပ်ဖျားတွေမှာတော့ ရပါတယ်။ အဲဒီကို အင်တာနက်သုံးဖို့အတွက် ခက်ခက်ခဲခဲအသက်စွန့်ပြီးတော့ သွားရင်တော့ရပါတယ်။ covid-19 ကြောင့် ကျောင်းဖွင့်ဖို့အဆင်မပြေဘူး Online ကနေ သင်ကြားပေးဖို့ အစီအစဉ်တွေရှိရင်တော့ အင်တာနက်မရတဲ့မြို့နယ်တွေမှာ ဖွင့်ပေးရင်တော့ အဆင်ပြေ တာပေါ့” ဟု မင်းပြားမြို့နယ်မှ တတိယနှစ်ဥပဒေကျောင်းသား ကိုရန်နိုင်ကျော်က ဆိုသည်။

သို့ဖြစ်၍ ရခိုင်ပြည်ကျောင်းသားသမဂ္ဂအနေဖြင့် ပါမောက္ခချုပ်ကော်မတီသို့ ဇူလိုင်လ ၁၇ ရက်နေ့တွင် အိတ်ဖွင့် စာပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် အစိုးရက အင်တာနက်လိုင်းများကို ပိတ်ထားသည်မှာ တစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်သည်။

ဗီဒီယိုများ