စစ်တွေမြို့တွင် ကူးစက်နေသော ဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇပြောင်းလဲနေသည့် အမျိုးအစားဖြစ်နိုင်ကြောင်း ထုတ်ပြန်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ကူးစက်နေသောဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇပြောင်းလဲနေသည့် အမျိုးအစား ဖြစ်နိုင်သောကြောင့် ဆေးသုတေသနဦးစီးဌာန၌ စစ်ဆေးဖော်ထုတ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့(သြဂုတ်လ ၂၂ ရက်)တွင် ထုတ်ပြန်ထားသည်။

22 Aug 2020

ကျော်သူဌေး | DMG
သြဂုတ် ၂၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ကူးစက်နေသောဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇပြောင်းလဲနေသည့် အမျိုးအစား ဖြစ်နိုင်သောကြောင့် ဆေးသုတေသနဦးစီးဌာန၌ စစ်ဆေးဖော်ထုတ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့(သြဂုတ်လ ၂၂ ရက်)တွင် ထုတ်ပြန်ထားသည်။

Covid-19 ကူးစက်မှုသည် အထူးမြန်ဆန်လျက်ရှိပြီး သြဂုတ်လ ၁၆ ရက်နေ့မှစတင်ကာ သြဂုတ်လ ၂၁ ရက် အထိ ၅ ရက်တာကာလအတွင်း ရောဂါပိုးတွေ့ရှိသူ ၄၅ ဦး ရှိသွားပြီဖြစ်သည်။
ယင်းအပြင် ပြည်သူများအကြားတွင် ရောဂါလက္ခဏာမပြဘဲ ကူးစက်နေသူများလည်း ရှိနေနိုင်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကဆိုသည်။

ယခုကိစ္စကို ဓါတ်ခွဲစမ်းသပ်ပြီးမှသာ သိရှိနိုင်မည်ဖြစ်ကာ ယခုပိုးတွေ့ရှိသည့်လူနာများကိုလည်း ပိုးတွေ့ရှိ၍သာ ဆေးရုံသို့ခေါ်ထားရခြင်းဖြစ်ပြီး လူနာအားလုံးမှာ လူကောင်းအတိုင်းဖြစ်နေသည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“ဓါတ်ခွဲစမ်းသပ်မှုနဲ့ ကျနော်တို့ကို ထုတ်ပြန်ပေးတဲ့အခါမှသိနိုင်မယ်။ ကျနော်တို့က လောလောဆယ် မသိနိုင်သေးဘူးဗျ။ အခုလူနာတွေကို Positive ထွက်လို့သာ ဆေးရုံကိုခေါ်ထားရတာ။ အဲဒီလူတွေက လူကောင်းအတိုင်း ဖြစ်နေတာ” ဟု ဒေါက်တာစိုးဝင်းပိုင်က ဆိုသည်။

စစ်တွေမြို့၌ Covid-19 ကူးစက်ပြန့်ပွားနေမှုကို အမြန်ဆုံးထိန်းချုပ်နိုင်ရန်နှင့် အခြားဒေသများသို့ မပြန့်ပွားစေရန် ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေဖြင့် ထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းများကို အထူးလိုက်နာရန်လိုအပ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ ဆေးသုတေသနဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်ထွဋ်ညွန့်က မျိုးဗီဇပြောင်း ဗိုင်းရပ်စ်က Covid-19 ဒုတိယလှိုင်းကို ဆိုးဆိုးဝါးဝါးဖြစ်စေနိုင်သလို မျိုးဗီဇပြောင်းလက္ခဏာကို မြန်မာနိုင်ငံတွင် တွေ့ရှိထားပြီး ပုံမှန်ထက် ၁၀ ဆ ကူးစက်မှုမြန်ဆန်နိုင်ကြောင်း သြဂုတ်လ ၂၀ ရက်နေ့က ဧရာဝတီသတင်း ဌာနအား ပြောဆိုထားသည်။

ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၈ နာရီအချိန်ထိ Covid-19 ပိုးတွေ့လူနာ စုစုပေါင်း ၆၁ ဦး အထိရှိလာနေပြီး ပြည်ပမှကူးစက်မှုဖြစ်သည့် ပိုးတွေ့လူနာ ၁၆ ဦးမှာ ရောဂါကောင်းမွန်သွားပြီဖြစ်သည်။

လက်ရှိ ပြည်တွင်းကူးစက်မှုဖြစ်သည့် ပိုးတွေ့လူနာ ၄၅ ဦးမှာ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ၄၄ ဦးနှင့် မြောက်ဦးပြည်သူ့ဆေးရုံကြီးတွင် ၁ ဦး ဆေးကုသမှုခံယူလျက်ရှိသည်။

ဗီဒီယိုများ