ဦးဖိုးစံကို လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ဥပဒေနှင့်အညီ ပယ်ချလိုက်ခြင်းဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆို

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကျောက်ဖြူမြို့နယ်၊ အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည့် ဦးဖိုးစံကို ဥပဒေနှင့် အညီ ပယ်ချလိုက်ခြင်းဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆိုသည်။

By မင်းထွန်း 03 Sep 2020

ဓာတ်ပုံ - UEC

မင်းထွန်း | DMG
စက်တင်ဘာ ၃ ၊ စစ်တွေ

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကျောက်ဖြူမြို့နယ်၊ အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည့် ဦးဖိုးစံကို ဥပဒေနှင့် အညီ ပယ်ချလိုက်ခြင်းဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆိုသည်။

စက်တင်ဘာလ ၂ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေး အစီအစဉ်များကို ရှင်းလင်းသည့် သတင်းစာရှင်းပွဲတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းတဲ့အခါ ပြည်ထဲရေးရဲ့ မှတ်ချက်တွေလည်း တောင်းရတယ်။ အဲဒီမှတ်ချက်တွေအရ ပြဌာန်းဥပဒေအရ ဆုံးဖြတ်လိုက်တာပါ။ ဥပဒေနဲ့အညီဘဲ ဆုံးဖြတ် လိုက်တာပေါ့” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကပြောသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ချခံရသည့် ဦးဖိုးစံ၏သားသည် ရက္ခိုင့်တပ်တော်(AA)သို့ ဝင်ရောက်သွားသည့်အတွက် ရွေးကောက်ပွဲဥပဒေ အခန်း ၅၊ ပုဒ်မ ၁၀(ဎ)နှင့် ငြိစွန်းသည်ဟုဆိုကာ ရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်ခြင်းဖြစ်သည်။

သို့သော် ဦးဖိုးစံအနေဖြင့် သားဖြစ်သူနှင့် လုံးဝဆက်သွယ်ပတ်သက်မှုမရှိကြောင်းနှင့် ယခုကဲ့သို့ ရွေးကောက်ပွဲ ကော်မရှင်မှ ဆုံးဖြတ်ချက်သည် ဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း ပြောသည်။

“ဥပဒေနဲ့မညီပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကန့်ကွက်ထားတဲ့ ၁၀(ဎ) နဲ့ ငြိတယ်ဆိုလို့ရှိရင် ကျနော့်ကို ခုံရုံးဖွဲ့ ပြီးစစ်ဆေးရပါမယ်။ ကော်မရှင်အဖွဲ့ကသော်လည်းကောင်း၊ သက်ဆိုင်ရာ ပြည်ထဲရေးကသော်လည်းကောင်း ခုံရုံးဖွဲ့ပြီး အပြစ်ကျုးလွန်မှု ရှိ /မရှိကို စစ်ဆေးရပါမယ်။ သူတို့ အကြောင်းပြထားတာက ၁၀(ဎ)လို့ ပြထားတယ်။ ဒါပေမယ့်ကျနော့်မှာ မငြိစွန်းဘူး၊ မငြိစွန်းတဲ့အတွက်လည်း လက်ရှိအမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်အဖြစ် တာဝန်ထမ်းဆောင်နေတာဖြစ်တယ်” ဟု ဦးဖိုးစံက ဆိုသည်။

ရွေးကောက်ပွဲဥပဒေပုဒ် ၁၀(ဎ)တွင် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေငြာခြင်းခံထား ရသော အဖွဲ့အစည်း၊ အကြမ်းဖက်လုပ်ရပ်များကိုကျုးလွန်သည်ဟု နိုင်ငံတော်ကသတ်မှတ်ထားသော အဖွဲ့ အစည်းနှင့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်သော သောင်းကျန်းသူအဖွဲ့အစည်းများ (သို့မဟုတ်) ယင်းအဖွဲ့အစည်းဝင်များနှင့် ဆက်သွယ်ကြောင်း ခိုင်လုံသောအထောက်အထားရှိသူဖြစ်ပါက ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေရဟု ဖော်ပြထားသည်။

ဦးဖိုးစံ၏ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခြင်းကို ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ကျောက်ဖြူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွ့ဲခွဲတို့မှ အတည်ပြုထားပြီးဖြစ်သည်။

သို့သော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံပေးပို့ရာတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ကန့်ကွက်ခြင်းရှိသည့်အတွက် ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ချခံခဲ့ရခြင်းဖြစ်သည်ဟု ဦးဖိုးစံကပြောသည်။

“ပြည်ထောင်စုကော်မရှင်ကို ပြည်ထဲရေးဝန်ကြီးဌာနကလွှမ်းမိုးသလား၊ အဲဒီလို ကောက်ချက်ချပါတယ်။ ပြည်ထောင်စုကော်မရှင်ဆိုတာက လွတ်လပ်တဲ့ သီးခြားအဖွဲ့အစည်းဖြစ်တယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ဦးဖိုးစံသည် ကျောက်ဖြူမြို့နယ်အမှတ်(၂)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သလို ရခိုင်အမျိုးသားပါတီ(ANP)၏ ဗဟိုကော်မတီဝင် (CEC)တစ်ဦးလည်းဖြစ်သည်။

ထို့အတူ လွှတ်တော်ဥပဒေ၊ နည်းဥပေဒအောက်ကသော်လည်းကောင်း၊ ပါတီ၏မူဝါဒအရသော်လည်းကောင်း ကင်းကင်းရှင်းရှင်း လုပ်ကိုင်ဆောင်ရွက်နေသူဖြစ်ကြောင်း ၎င်းကဆိုသည်။

ယခုကဲ့သို့ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက် ခံခွင့်မရှိခြင်းသည် ဥပဒေမဲ့ မတရားပြုကျင့်သလိုခံစားရသည်ဟု ဦးဖိုးစံကပြောသည်။

ဗီဒီယိုများ