AA အတွက် ရိက္ခာသိုလှောင်ထားသည်ဆိုပြီး ဖမ်းဆီးထားသည့် ဆန်စက်ပိုင်ရှင်ကို အကြမ်းဖက်မှုဖြင့် တရားစွဲတင်

ရက္ခိုင့်တပ်တော်(AA)အတွက် ရိက္ခာသိုလှောင်ထားသည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် ဆန်စက်ပိုင်ရှင် ဦးရဲကျော်ထွန်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)၊ ၅၂(က)ဖြင့် စစ်တွေခရိုင်တရားရုံး၌ ယနေ့ အောက်တိုဘာလ ၁ ရက်နေ့တွင် တရားစွဲတင်လိုက်ကြောင်း မိသားစုဝင်များထံမှသိရသည်။

By အောင်ထိန် 01 Oct 2020

အောင်ထိန် | DMG
အောက်တိုဘာ ၁ ၊ စစ်တွေ

ရက္ခိုင့်တပ်တော်(AA)အတွက် ရိက္ခာသိုလှောင်ထားသည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် ဆန်စက်ပိုင်ရှင် ဦးရဲကျော်ထွန်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)၊ ၅၂(က)ဖြင့် စစ်တွေခရိုင်တရားရုံး၌ ယနေ့ အောက်တိုဘာလ ၁ ရက်နေ့တွင် တရားစွဲတင်လိုက်ကြောင်း မိသားစုဝင်များထံမှသိရသည်။

“အကြမ်းဖက်အဖွဲ့အစည်းတွေ ဆန်ထောက်ပံ့တယ်၊ ငွေထောက်ပံ့တယ်။ အဲဒါတွေကို ထောက်ပံ့ဖို့အတွက် ပစ္စည်းတွေကို သိုလှောင်သိမ်းဆည်းထားတယ်ဆိုပြီး အကြမ်းဖက်မှုနဲ့ တရားစွဲတင်လိုက်တာဖြစ်တယ်” ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ပန်းအေးဇံက ဆိုသည်။

သြဂုတ်လ ၃၁ ရက်နေ့ နေလည်ပိုင်းအချိန်က စစ်တွေဘက်မှလာသော တပ်မတော်ရေယာဉ်တစ်စီးသည် ပုဏ္ဏားကျွန်းမြို့နယ် စပါးထားကျေးရွာအနီးတွင် ရပ်တန့်ပြီး တပ်မတော်သားများက ကျေးရွာအတွင်းရှိ နေအိမ်များနှင့် ဆန်စက်ရုံသို့ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဦးရဲကျော်ထွန်း အသက်(၄၈)နှစ်၏ ဆန်စက်ရုံ အတွင်း၌ ဆန်အိတ်များတွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် ၎င်းအား တပ်မတော်ကတစ်ရက်ကျော်ကြာ စစ်ဆေးမေးမြန်းပြီးနောက် စက်တင်ဘာလ ၂ ရက် နေ့တွင် စစ်တွေမြို့၊ အမှတ်(၁)ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)ဖြင့် အမှုဖွင့်ခဲ့သည်။

စစ်တွေမြို့အမှတ်(၁)ရဲစခန်း၌ထိန်းသိမ်းခံထားရစဉ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် စစ်ဆေးမေးမြန်းစရာ ကျန်ရှိသေးသည်ဟုဆိုကာ တပ်မတော်မှ ပြန်လည်ခေါ်ဆောင်သွားပြီး စက်တင်ဘာလ ၁၂ ရက်နေ့တွင် ရဲစခန်းသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဦးရဲကျော်ထွန်း၏နေအိမ်၌ အေအေအဖွဲ့ရိက္ခာအတွက် သိုလှောင် ထားသည့် ဆန်အိတ် ၈၀ အား သိမ်းဆည်းရမိခဲ့သည်ဟု စက်တင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

“ကျွန်မအဖေက ဘယ်အဖွဲ့အစည်းနဲ့မှ ဆက်သွယ်တာမရှိဘူး။ ဘယ်အကြမ်းဖက်မှုကိစ္စမှလည်း လုပ်တာမရှိဘူး။ ကိုယ့်စီးပွားရေးကို ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတာ” ဟု ဖမ်းဆီးခံထားရသည့် ဦးရဲကျော်ထွန်း၏ သမီးဖြစ်သူ မစုလှိုင်ဦးက ပြောသည်။

ဦးရဲကျော်ထွန်းအား တပ်မတော်ကဖမ်းဆီးသွားပြီးနောက် တစ်လခန့်ကြာသည်တိုင် မိသားစုမှ တွေ့ခွင့်မရရှိဘဲ ယနေ့ရုံးထုတ်ရာတွင် မိသားစုဝင်များနှင့် ပထမဆုံအကြိမ် တွေ့ခွင့်ရရှိခဲ့သည်။ ၎င်းအမှုကို အောက်တိုဘာ ၁၅ ရက်နေ့သို့ ထပ်မံရုံးချိန်ဆိုလိုက်ကြောင်း မိသားစုဝင်များက ဆိုကြသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ (၂)နှစ်ခန့်ကြာမြင့် လာနေပြီး သံသယဖြင့်ဖမ်းဆီးခံရမှု၊ တရားစွဲဆိုခံရမှုများ တဖြည်းဖြည်းများလာနေသည်။ ၂၀၂၀ ခုနှစ် ဇူလိုင်လမှ အောက်တိုဘာလလက်ရှိအချိန်ထိ သံသယဖြင့်ဖမ်းဆီးခံရသူ စုစုပေါင်း ၄၀ ဦးအထိရှိခဲ့သည်။

ဗီဒီယိုများ