စစ်တွေမြို့ NLD ပါတီ ဥက္ကဋ္ဌ ဦးစံရွှေကျော် ပါတီမှ နှုတ်ထွက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဦးစံရွှေကျော်သည် ကျန်းမာရေး ဆိုင်ရာချွတ်ယွင်းမှုများရှိလာသည့်အတွက် ပါတီမှ နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ၎င်းက DMG သို့ ပြောသည်။

05 Mar 2021

DMG ၊ မတ် ၅

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဦးစံရွှေကျော်သည် ကျန်းမာရေး ဆိုင်ရာချွတ်ယွင်းမှုများရှိလာသည့်အတွက် ပါတီမှ နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ၎င်းက DMG သို့ ပြောသည်။

ဦးစံရွှေကျော်သည် NLD ပါတီမှ မတ်လ ၃ ရက်နေ့တွင် နှုတ်ထွက်သွားခြင်းဖြစ်ပြီး ယင်းနေ့တွင် နှုတ်ထွတ်စာကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ခရိုင်အလုပ်အမှုဆောင်အဖွဲ့၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများထံ ပို့ပေးခဲ့သည်ဟု ဆိုသည်။

ပါတီမှ နှုတ်ထွက်ရခြင်းမှာ ကျန်းမာရေးအခြေအနေကြောင်းဖြစ်ပြီး လက်ရှိ NLD ပါတီအကျပ်အတည်း ဖြစ်နေခြင်းနှင့်မသက်ဆိုင်ဟု ဦးစံရွှေကျော်က ပြောသည်။

“ကျနော်တို့ အကျပ်အတည်းကာလမြောက်မားစွာကို ရင်ဆိုင်ခဲ့ပြီးသားဖြစ်တယ်။ အဲအချိန်ကလည်း တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တယ်။ အခုက ကျန်းမာရေးနည်းနည်း ချွတ်ယွင်းလို့၊ သက်အရွယ်လည်းကြီး လာတဲ့အတွက် အနားယူချင်လို့ဖြစ်တယ်” ဟု ပြောသည်။

ကျန်းမာရေးဆိုင်ရာ ချွတ်ယွင်းမှုများရှိလာခြင်း၊ အသက်အရွယ်ကြီးရင့်လာခြင်းတို့ကြောင့် ဘဝ၏ လက်ကျန်အချိန်များကို လူမျိုး၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာတို့၌သာ အချိန်ပေးမွေ့လျော်လိုပါ၍ နှစ်ပေါင်းသုံး ဆယ်ကျော်ထမ်းဆောင်လာခဲ့သော တာဝန်များမှ အနားယူခွင့်ပြုပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါကြောင်း  နှုတ်ထွက်စာတွင်ရေးသားထားသည်။

NLD ပါတီ ရခိုင်ပြည်နယ်ဒု-ဥက္ကဋ္ဌ ဦးစိုးလေးက “ NLD ပါတီထဲမှာနေတယ်ဆိုတာလည်း သူ့ရဲ့ ထောက်ခံမှုပဲ၊ သူ့ရဲ့ ပါဝင်ပူးပေါင်းမှုပဲ။ သူ NLD မှာ မလုပ်ချင်လို့ စောစောကပြောသလို အသက်ကြီးလို့ဖြစ်စေ ဒါကတော့ သူ့အခွင့်အရေးပဲ၊ သူ့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ဆုံးဖြတ်ခွင့်ပဲဖြစ်တယ်။ သူထွက်တယ်ဆိုရင် ကျနော်တို့ကတော့ ထုတ်ပယ်ပေးရမှာပဲဖြစ်တယ်” ဟု ဆိုသည်။

အဖွဲ့ချုပ်၏ မူဝါဒနှင့်ရှေ့လမ်းစဉ်များဖြစ်သည့် ပြည်တွင်းငြိမ်းချမ်းရေး စစ်မှန်သောဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ပေါက်ရေးတို့သည် မြန်မာနိုင်ငံရှိတိုင်းရင်းသားလူမျိုးအားလုံး၏ လိုလား ချက်များ ဖြစ်သည်နှင့်အညီ ကိုယ်စွမ်းရှိသရွေ့ ဉာဏ်စွမ်းရှိသရွေ့ နှစ်ပေါင်းများစွာတာဝန်ထမ်းရွက်ခဲ့ကြောင်း ဦးစံရွှေကျော်၏ နှုတ်ထွက်စာတွင်ရေးသားထားသည်။

အလားတူ ရှစ်လေးလုံးဒီမိုကရေစီလူထုတော်ပုံကြီး၏ အကျိုးဆက်ကြောင့် ပေါ်ပေါက်လာရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ခံစားချက်များဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်ဟု ရေးသားထားသည်။

ဦးစံရွှေကျော်သည် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း NLD ပါတီကိုယ်စားပြုအဖြစ် စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။

ရခိုင်အမျိုးသားပါတီ (ANP) တွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၌ ရခိုင်အမျိုးသားပါတီ (ANP) မှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးပါဝင်ပြီးနောက် ပါတီဝင်တချို့ နှုတ်ထွက်ခြင်းများရှိလာပြီး လက်ရှိအချိန်ထိ ပါတီကို နှုတ်ထွက်စာတင်ထားသူ ၅ ဦးရှိနေပြီဖြစ်သည်။

ဗီဒီယိုများ