ပြည်သူလူထု နိုင်ငံရေးရေချိန် နိမ့်နေခြင်းကြောင့် ရွေးကောက်ပွဲတွင် တစ်ပါတီတည်း အနိုင်ရခြင်းဟု ကြံ့ခိုင်ရေး၏ မိတ်ဖက်ပါတီ စွပ်စွဲပြောဆို

မြန်မာနိုင်ငံတွင် ၂၀၂၀ ရွေးကောက်ပွဲ၌ တစ်ပါတီတည်း အနိုင်ရရှိခြင်းမှာ ပြည်သူလူထုအနေဖြင့် နိုင်ငံရေးရေချိန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏မိတ်ဖက် အမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးစိုးမောင်က စွပ်စွဲပြောဆိုသည်။

26 Nov 2020

ခင်သရဖီဦး | DMG
နိုဝင်ဘာလ ၂၆ ၊ စစ်တွေ

မြန်မာနိုင်ငံတွင် ၂၀၂၀ ရွေးကောက်ပွဲ၌ တစ်ပါတီတည်း အနိုင်ရရှိခြင်းမှာ ပြည်သူလူထုအနေဖြင့် နိုင်ငံရေးရေချိန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏မိတ်ဖက် အမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးစိုးမောင်က စွပ်စွဲပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် USDPနှင့် မိတ်ဖက်ပါတီများက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အမှန်တိုင်းပြောရင်တော့ ကျနော်တို့နိုင်ငံက ဒီမိုကရေစီကျင့်စဉ် လမ်းကြောင်းသစ်ကို မေ့နေတယ်။ အဲဒီအ တွက်ကြောင့် နိုင်ငံရေးကို နားမလည်းတဲ့သူတွေ၊ စိတ်မဝင်းစားတဲ့လူတွေ များနေတဲ့ကာလပတ်လုံး အခုတိုင်းပဲ သူတို့ (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်) ဆက်ပြီးတော့ လုပ်နေအုံးမှာဖြစ်ပါတယ်၊ အဲဒါကို ကျနော်တို့ ဖြည်းဖြည်းချင်း အဖြေရအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

ဦးစိုးမောင်သည် ပြီးခဲ့သည့် သမ္မတဟောင်းဦးသိန်းစိန် အစိုးရလက်ထက်တွင် သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူလည်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတားဖြင့် မဲဆန္ဒနယ်အများဆုံး အနိုင်ရရှိခဲ့ကာ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ကမူ မဲဆန္ဒနယ် ၇၁ နေရာသာ အနိုင်ရရှိခဲ့သည်။

ယင်းအပြင် ရွေးကောက်ပွဲနှင့်ပတ်သတ်ပြီး မကျေမနပ်ဖြစ်မှုများတွင် နိုင်ငံရေးပါတီတစ်ခုတည်းမဟုတ်ဘဲ ဝိုင်းရံသူများဖြစ်သည့် သန်းပေါင်းများစွာသောပြည်သူများ ပါသည့်အတွက် အစိုးရအနေဖြင့် ပြည်သူလူထု၏အသံကို နားထောင်သင့်ကြောင်းလည်း ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဌ ဦးခင်ရီက ပြောသည်။

“မကျေနပ်တာတွေက မပြေလည်တာတွေက ကျနော်တို့ နိုင်ငံရေးပါတီတွေချည်းပဲ မဟုတ်ဘူး၊ ဝိုင်းရံသူ သန်းပေါင်းများစွာသော ပြည်သူတွေကလည်း ပြင်ပမှာ ရှိနေတယ်။ ဆိုတော့ နိုင်ငံတော်အစိုးရအနေနဲ့ ကျနော်တို့ နိုင်ငံရေးပါတီတွေအတွက် သန်းပေါင်းများစွာရဲ့ဆန္ဒ၊ ပြည်သူတွေရဲ့အသံကို နားထောင်ဖို့ကောင်းတယ်”ဟု ၎င်းကပြောသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်အရ စုံစမ်းစစ်ဆေးပေးရန် USDP အပါအဝင် နိုင်ငံရေးပါတီ(၁၉)ပါတီက သမ္မတဦးဝင်းမြင့်ထံ အိတ်ဖွင့်ပေးစာဖြင့် နိုဝင်ဘာလ (၂၄)ရက်နေ့တွင် တောင်းဆိုထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကမူ ၂၀၂၀ရွေးကောက်ပွဲအား တရားမျှတခြင်းမရှိဟု ပြောဆိုနေကြခြင်းမှာ အခြေအမြစ်မရှိကြောင်း နိုဝင်ဘာလ (၁၁)ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲမှတဆင့် တုံ့ပြန်ပြောဆိုထားသည်။

ဗီဒီယိုများ