ကျောက်ဖြူမြို့နယ်တွင် လမ်းပြုပြင်နေသူသုံးဦး ပျောက်ဆုံးနေ

“လက်ရှိကတော့ စုံစမ်းတုန်းပဲရှိပါတယ်။ ဒါပေမဲ့ အခုဖြစ်တဲ့ဟာတွေကတော့ စီးပွားရေးကဏ္ဍအကြောင်းအရာတွေလည်း အများကြီးပါတယ်ပေါ့လေ။ ကျန်တဲ့ အဖွဲ့အစည်းတွေနဲ့တော့ မဆိုင်လောက်ပါဘူး” ဟု ဇင်ချောင်းရဲကင်းစခန်းမှူးက ပြောသည်။

By ခိုင်မင်း 29 Dec 2019

ကျောက်ကလေကျေးရွာမှ ကန်ထရိုက်လုပ်ငန်း လုပ်ကိုင်နေသူ ဦးစိုးငြိမ်း

ခိုင်မင်း(ကျောက်ဖြူ) | DMG
ဒီဇင်ဘာ ၂၉၊ ကျောက်ဖြူ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မူရွင်းကျေးရွာအနီးတွင် လွန်ခဲ့သည့် ဒီဇင်ဘာလ ၂၆ ရက်နေ့၊ ညနေ (၆) နာရီခွဲကျော်ခန့်က လမ်းပြုပြင်နေသော လူသုံးဦးပျောက်ဆုံးလျက်ရှိပြီး သတင်းအစအန မကြားရသေးကြောင်း မိသားစုဝင်တစ်ဦးက DMG သို့ ယနေ့ပြောသည်။

ပျောက်ဆုံးနေသူများမှာ ကျောက်ကလေကျေးရွာမှ ကန်ထရိုက်လုပ်ကိုင်နေသူ ဦးစိုးငြိမ်း၊ ဘတ်ဟိုးပိုင်ရှင် ဦးမောင်ဖိုးခင် နှင့် ဘတ်ဟိုး မောင်းသူ ကိုမောင်ရန်နိုင်တို့ဖြစ်သည်။ ၎င်းတို့သုံးဦးသည် မူရင်းကျေးရွာလမ်းကို ပြုပြင်နေခြင်းဖြစ်ပြီး ယင်းနေ့ညနေပိုင်း ရွာသို့ပြန်လာစဉ် မူရွင်းကျေးရွာနှင့် ဇင်ချောင်းကျေးရွာအကြား ဘောလန်တောင်ခြေရင်းတွင် ပျောက်ဆုံးသွားခြင်းဖြစ်သည်။

“(၆)နာရီခွဲလောက်မှာ သူတို့ကိုဖုန်းခေါ်ပါတယ်။ ငါထွက်လာပြီ။ မင်းတို့စိတ်မပူကြနဲ့လို့ပြောတယ်။ နောက်တော့ ဖုန်းဆက်ပေမယ့် မကိုင်တော့ဘူး။ ရုန်းရင်းဆန်ခတ်ဖြစ်နေတယ်ထင်တယ်။ နောက်ထပ်ဖုန်းခေါ်တော့ ဖုန်းစက်ပိတ်ပစ်တယ်” ဟု ဦးစိုးငြိမ်း၏သား ကိုအောင်သူရက ပြောသည်။

ယင်းနေရာကို ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ပျောက်ဆုံးသူများ၏ဖိနပ်များ၊ အနွေးထည်များ၊ သွေးစက်အနည်းငယ်ကို တွေ့ရှိရသည်ဟု ၎င်းကဆက်လက်ဆိုသည်။

“ရုန်းရင်းဆန်ခတ်ဖြစ်တာက ဘယ်သူတွေနဲ့ဖြစ်တာလဲ ဆိုတာကိုမသိဘူး။ အပြစ်မရှိတဲ့သူတစ်ယောက်ကို ဘယ်သူတွေနဲ့ (ရုန်းရင်းဆန်ခတ်)ဖြစ်တယ်ဆိုတာ ကျနော်တို့လည်းမပြောနိုင်ဘူး။ ရန်ငြိုးရန်စလည်းမရှိဘူး”ဟု ကိုအောင်သူရက ဆိုသည်။

အဆိုပါ ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး ဇင်ချောင်းရဲကင်းစခန်းတွင် အမှုဖွင့်တိုင်ကြားထားပြီး စုံစမ်းစစ်ဆေးနေသည်ဟု ရဲကင်းစခန်းမှူး ရဲအုပ်အောင်ဇော်မင်းက ပြောသည်။

“လက်ရှိကတော့ စုံစမ်းတုန်းပဲရှိပါတယ်။ ဒါပေမဲ့ အခုဖြစ်တဲ့ဟာတွေကတော့ စီးပွားရေးကဏ္ဍအကြောင်းအရာတွေလည်း အများကြီးပါတယ်ပေါ့လေ။ ကျန်တဲ့ အဖွဲ့အစည်းတွေနဲ့တော့ မဆိုင်လောက်ပါဘူး” ဟု ၎င်းက ဆိုသည်။

ပျောက်ဆုံးနေသူများ၏ အသက်လုံခြုံရေးနှင့်ပတ်သက်ပြီး မိသားစုဝင်များ စိုးရိမ်နေကြသည်။

“မေမေဆိုလည်း အဲဒီစိတ်နဲ့ပဲ အရူးတစ်ပိုင်းလိုဖြစ်နေတယ်။ ဘယ်လိုပြောရမလဲ။ သူတို့မှာ အပြစ်မရှိတဲ့ဟာကို သိနေတဲ့အတွက် ကျနော်ပြောပြဖို့တောင် ရင်ထဲမှာမတတ်တဲ့ အတိုင်းအတာရှိပါတယ်” ဟု ကိုအောင်သူရက ပြောသည်။

ဗီဒီယိုများ