ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်ခံထားရသည့် လွှတ်တော်ကိုယ်စားလှယ် ၂ နှစ်ကျော်အကြာတွင် တရားရင်ဆိုင်ရန်ပြန်ရောက်လာ

ရခိုင်ပြည်နယ်၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်ခံထားရသည့် ရမ်းဗြဲမြို့နယ်မှ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးသည် ယနေ့ (နိုဝင်ဘာလ ၁၆ ရက်နေ့) စစ်တွေမြို့ နယ်၌ တရားရင် ဆိုင်ရန် လာရောက်ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

By နှင်းနွယ် 16 Nov 2020

အောင်ထိန် | DMG
နိုဝင်ဘာ ၁၆ ၊ စစ်တွေ

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခံထားရသည့် ရမ်းဗြဲမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးသည် ယနေ့(နိုဝင်ဘာလ ၁၆ ရက်နေ့) စစ်တွေမြို့နယ်၌ တရားရင်ဆိုင်ရန် ရောက်ရှိလာခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

၎င်းသည် ၂၀၁၈ ခုနှစ် ဇွန်လအတွင်းက facebook လူမှုကွန်ရက်စာမျက်နှာပေါ်၌ “ငါတို့ ရခိုင်ပြည်နယ်က တိုင်းနှင့်ပြည်နယ်(၁၄)ခုထဲမှာ”ခေါင်းစဉ်နှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက်ရာခိုင်နှုန်း ကျဆင်းခြင်းနှင့် ပတ်သက်၍ရေးသားရာတွင် အောင်ချက်ရာခိုင်နှုန်းမှားယွင်းဖော်ပြခဲ့မှုဖြင့် ပြည်နယ်ပညာရေးမှူးရုံးမှ အမှုဖွင့် ခဲ့ခြင်းဖြစ်သည်။

ထိုသို့အမှုဖွင့်ခံရပြီးနောက် အားမခံရရှိပြီး တရားရင်ဆိုင်ခြင်းမရှိခဲ့သလို လွှတ်တော်အစည်းဝေးများကိုလည်း တက်ရောက်ခြင်းမရှိဘဲ ရှိနေခဲ့သည်။

“ကြားကာလမှာက နေမကောင်းတာလည်းပါတယ်။ နောက်ပြီး တစ်နေရာတည်းမှာ ချောင်ပိတ်သွားတာလည်း ပါတာပေါ့။ ခရီးတစ်ခုမှာ ကိုယ်ကခရီးလွန်သွားတဲ့အခါ တိုက်ပွဲတွေနဲ့ပြန်မရောက်နိုင်တဲ့ ခရီးတစ်ခု ဖြစ်သွားတယ်။ အမှုကိုရင်ဆိုင်သွားမယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးက ရှင်းပြသည်။

၎င်းသည် နိုဝင်ဘာ ၁၆ ရက်နေ့မှာ စစ်တွေမြို့နယ်တရားရုံးသို့ရောက်ရှိလာ၍ အာမခံရရှိကာ အမှုကို နိုဝင်ဘာ ၂၆ ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်း သိရသည်။

အာလားတူ အောက်တိုဘာလအတွင်းကလည်း ရခိုင်ပြည်နယ်အတွင်း အရပ်သားထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ facebook လူမှုကွန်ယက်စာမျက်နှာပေါ်၌ ပိုစ့်များကိုမျှဝေခဲ့၍ စစ်တွေမြို့မှ ရှေ့နေဟောင်းတစ်ဦး ဖြစ်သူ ဦးသာပွင့်အား ပုဒ်မ ၆၆(ဃ)ဖြင့် တပ်မတော်က တရားလိုပြုလုပ်ကာ တရားစွဲဆိုထားသည်။

မြန်မာနိုင်ငံတွင် NLD အစိုးရလက်ထက် (၄)နှစ်ကျော်ကာလအတွင်း ပုဒ်မ- ၆၆(ဃ)ဖြင့် တရားစွဲဆိုခံရသူ ၁၀၅၁ ဦးရှိပြီး တရားစွဲဆိုထားသည့်အမှုပေါင်း ၅၃၉ မှုရှိကြောင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေး ဆောင်ရွက်နေသည့် အသံအဖွဲ့၏ ဇူလိုင် ၁၆ ရက်နေ့တွင် ထုတ်ပြန်သည့်အစီရင်ခံစာအရ သိရသည်။

ဗီဒီယိုများ