ချင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုလွှတ်ပေးရန် ချင်းအဖွဲ့အစည်း (၄၀) ကျော် ပူးတွဲတောင်းဆို

AA အနေဖြင့် ဦးဝှေ့တင်းသည် ဘေးကင်းလုံခြုံစွာရှိနေကြောင်း ခိုင်လုံသည့် သက်သေအထောက်အထားများဖြင့် ဦးဝှေ့တင်း၏ မိသားစုဝင်များနှင့် အများပြည်သူအား ပွင့်လင်းစွာအသိပေးချပြရန် အချိန်တန်ပြီဖြစ်ကြောင်း ချင်းအဖွဲ့အစည်းများက ဆိုသည်။

By ဝင်းညွန့် 12 Nov 2019

ဝင်းညွန့် | DMG
နိုဝင်ဘာ ၁၂ ၊ စစ်တွေ

ရက္ခိုင့်တပ်တော်(AA) က ဖမ်းဆီးထားသည့် ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို အမြန်ဆုံးလွှတ်ပေးရန် ချင်းအဖွဲ့အစည်း (၄၀) ကျော်က နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ပူးတွဲထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုထားသည်။

AA အနေဖြင့် ဦးဝှေ့တင်းသည် ဘေးကင်းလုံခြုံစွာရှိနေကြောင်း ခိုင်လုံသည့် သက်သေအထောက်အထားများဖြင့် ဦးဝှေ့တင်း၏ မိသားစုဝင်များနှင့် အများပြည်သူအား ပွင့်လင်းစွာအသိပေးချပြရန် အချိန်တန်ပြီဖြစ်ကြောင်း ချင်းအဖွဲ့အစည်းများက ဆိုသည်။

“မိမိတို့အနေဖြင့် ဦးဝှေ့တင်း၏ ကျန်းမာရေးနှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေများအတွက် များစွာစိုးရိမ်မကင်း ဖြစ်မိပါသည်” ဟု ချင်းအဖွဲ့အစည်း ၄၀ ကျော်၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ချင်းပြည်နယ် အမှတ် ၁၁ မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းသည် နိုဝင်ဘာလ ၃ ရက်နေ့တွင် အိန္ဒိယနိုင်ငံသား ၉ ဦးနှင့်အတူ ရက္ခိုင့်တပ်တော်(AA)၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံလိုက်ရသည်။

AA က အိန္ဒိယနိုင်ငံသားများကို ပြန်လည်လွှတ်ပေးလိုက်သော်လည်း ဦးဝှေ့တင်းအား စစ်ဆေးမေးမြန်စရာများရှိနေ၍ ဆက်လက်ထိန်းသိမ်းထားသည်။

ဦးဝှေ့တင်သည် ရက္ခိုင့်တပ်တော်(AA) ဆန့်ကျင်ရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေခြင်း၊ AA ၏ စစ်ရေးကဏ္ဍများကို အနှောက်အယှက်ပြုရန်ကြိုးစားခြင်း စသည့် အကြောင်းအမျိုးမျိုးတို့ကြောင့်ဖမ်းဆီးထားခြင်းဖြစ်ကြောင်းအေအေက နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

“လက်ဆုပ်လက်ကိုင်ပြနိုင်သော သက်သေအချို့ကိုလည်း ဦးဝှေ့တင်းထံမှ မိမိတို့ရရှိထားပြီးဖြစ်ပါသည်” ဟု AA က ထုတ်ပြန်သည်။

ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဦးဝှေ့တင်းဖမ်းဆီးခံထားရသည်မှာ ၁၀ ရက်မြောက်ရှိနေပြီဖြစ်သည်။ ယင်းသို့ ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း ဦးဝှေ့တင်းအား နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်အညီ လူဂုဏ်သိက္ခာ ပြည့်ဝစွာဆက်ဆံရန် ချင်းအဖွဲ့အစည်း ၄၀ ကျော်က သတိပေးထားသည်။

နိုဝင်ဘာလ ၉ ရက်နေ့ကလည်း ဦးဝှေ့တင်းအား ဖမ်းဆီးထိန်းသိမ်းထားသူများအနေဖြင့် အမြန်ဆုံးပြန်လည်လွှတ်ပေးရန် NLD ဗဟိုမှ တိုက်တွန်းကြောင်း ထုတ်ပြန်ခဲ့သည်။

Related Posts:

NLD လွှတ်တော်အမတ်အား ပြန်လွှတ်ပေးရန် ဖမ်းဆီးထိန်းသိမ်းထားသူများကို ပါတီဗဟို တိုက်တွန်း

AA က အိန္ဒိယနိုင်ငံသားအပါအဝင် ၉ ဦးကိုပြန်လွှတ်ပေး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ဆက်လက်စစ်ဆေးရန် ထိန်းသိမ်းထား

ဗီဒီယိုများ