လက်နက်ကိုင်တပ်ဖွဲ့များ ကြီးစိုးနေသည့်ဒေသများတွင် တရားမျှတသော ရွေးကောက်ပွဲဖြစ်မလာနိုင်ဟု ဦးဇော်ဌေးပြော

လက်နက်ကိုင်တပ်ဖွဲ့များကြီးစိုးနေသည့်ဒေသများတွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မလာ နိုင်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦဇော်ဌေးက ပြောသည်။

05 Sep 2020

ခင်သရဖီဦး | DMG
စက်တင်ဘာ ၅ ၊ စစ်တွေ

လက်နက်ကိုင်တပ်ဖွဲ့များကြီးစိုးနေသည့်ဒေသများတွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မလာ နိုင်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦဇော်ဌေးက ပြောသည်။

စက်တင်ဘာလ ၄ ရက်နေ့က နေပြည်တော်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီလိုတိုက်ပွဲတွေဖြစ်နေတယ်၊ လက်နက်ကိုင်တပ်ဖွဲ့တွေ၊ ကြီးစိုးနေတဲ့နေရာမှာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဘယ်ဖြစ်မလဲ။ ဒါမျိုးတော့ တပ်မတော်နဲ့ ကျနော်တို့အမြင်တူတယ် ”ဟု ဦးဇော်ဌေးက ပြောသည်။

အလားတူ ရခိုင်ပြည်နယ်ရှိ တိုက်ပွဲဖြစ်ပွားရာမြို့နယ်အချို့တွင်လည်း လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲ မကျင်းပရန် တပ်မတော်ဘက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အကြံပြုထားကြောင်း ယမန်နေ့ (စက်တင်ဘာလ ၄ ရက်)က ပြုလုပ်ခဲ့သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲကျင်းပနိုင်ခြင်း ရှိ၊မရှိကို ရွေးကောက်ပွဲကော်မရှင်ကသာ ဆုံးဖြတ်နိုင်ပြီး အစိုးရအနေဖြင့် လုပ်ပိုင် ခွင့်မရှိကြောင်းလည်း ဦးဇော်ဌေးက ဆိုသည်။

၎င်းအပြင် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခုအတွင်း ငါးမြို့နယ်ခန့်မှာသာ ရွေးကောက်ပွဲကို နေရာအကုန် ပြုလုပ်နိုင်မည်ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားမှုရှိနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းက တချို့နေရာများတွင် မြို့ပေါ်တွင်ဖြစ်နိုင်သော်လည်း နယ်ဘက်တွင် လုံခြုံရေးအရ ပြုလုပ်နိုင်မည်မဟုတ်ကြောင်း ဦးဇော်ဌေးက ဆက်ပြောသည်။

“လတ်တလော ပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်မြောက်ပိုင်းမှာ ပြောရရင်တော့ မြို့နယ်အတိအကျကိုတော့ ကျနော်တို့ မပြောတော့ဘူး။ အားလုံးပေါင်း ၁၇ မြို့နယ်ရှိတယ်။ တစ်မြို့နယ်လုံးကျင်းပလို့ ရတာက ငါးမြို့နယ်ပဲရှိတယ်၊ သို့သော် မြို့ပေါ်ရတယ်၊ မြို့ပြင်မရဘူး။ ဆိုလိုတာက အဲဒီမြို့ထဲမှာပါတဲ့ ကျေးရွာတွေမှာ ကျင်းပခွင့်မရှိတာ တစ်ချို့ဟာတွေပါတယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြေမရှိသည့် မြို့နယ်များရှိနေကြောင်းကို စက်တင်ဘာလ ၂ ရက် နေ့ကပြုလုပ်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားခဲ့ပြီးဖြစ်သည်။

ရခိုင်ပြည်နယ် မြို့နယ်တစ်ချို့မှာ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့လျှင် ပြည်သူတွေကိုကိုယ်စားပြုမှု၊ ပြည်သူများ၏ နစ်နာမှုများကို စကားပြောခွင့်ရမည့်အခွင့်အရေးများ ပပျောက်သွားနိုင်ကြောင်း ကျောက်တော် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။

“နေ့တိုင်း အခက်အခဲတွေ၊ ပြဿနာတွေ၊ စိန်ခေါ်မူတွေနဲ့ ရင်ဆိုင်နေရတဲ့ လူ့အဖွဲ့အစည်းအတွက်ကတော့ ကိုယ်စားပြုမှု အခန်းကဏ္ဍာဆိုတာလည်း အတိုင်းအတာတစ်ခုထိ အရေးပါတယ်လို့မြင်တယ်။ ဆိုတော့ လက်ရှိ ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိမယ်။ တခြားတခြား ဆုံးရှုံးနစ်နာတာတွေအတွက် စကားပြောခွင့် ရတဲ့ လူတွေမရှိဖြစ်သွားနိုင်တယ်” ဟု ဦးဦးထွန်းဝင်းက ဆိုသည်။

လာမည့်ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်၌ မဲရုံပေါင်း ၂၆၀၀ ခန့်လျာထားပြီး မဲပေးမည့်လူဦးရေစာရင်း ၁၆ သိန်းကျော်ရှိကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေငြာထားသည်။  

သို့သော်လည်း လက်ရှိရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု မြင့်မားလျက်ရှိနေပြီး လက်နက်ကိုင် ပဋိပက္ခများမှာလည်း လျော့နည်းသွားခြင်းမရှိသေးပေ။

ဗီဒီယိုများ