မြောက်ဦးတွင် တပ်မတော်ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဆိုင်ကယ်တစ်စီးကို တပ်မတော်ပစ်ခတ်လိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားကာ တစ်ဦးဖမ်းဆီးခံရသည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

By မြတ်ဆွေ 20 Jan 2020

ဖမ်းဆီးခံရသူ မဟာကျော်မိကို တွေ့ရစဉ်။ (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

မြတ်ဆွေ | DMG
ဇန်နဝါရီ ၂၀၊ မြောက်ဦး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဆိုင်ကယ်တစ်စီးကို တပ်မတော်ပစ်ခတ်လိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားကာ တစ်ဦးဖမ်းဆီးခံရသည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

အမျိုးသားနှစ်ဦးသည် ဇန်နဝါရီလ ၁၉ ရက်နေ့၊ နံနက်ပိုင်းက ကျောက်တော်မြို့နယ်မှ မင်းပြားမြို့နယ်သို့ ဆိုင်ကယ်ဖြင့်မောင်းနှင်လာစဉ် ၅၄၀ တပ်ရင်းရှေ့တွင် တပ်မတော်က တားမြစ်မှုရှိခဲ့သော်လည်း ရပ်တန့်ခြင်းမရှိသောကြောင့် ပစ်ခတ်ခံရသည်ဟု ဦးထွန်းသာစိန်က ပြောသည်။

“လောလောဆယ် အဖမ်းခံထားရတဲ့တစ်ယောက်က ကျောက်တော်မှာနေတာ။ သူတို့နှစ်ယောက်က ကျောက်တော်ကနေပြီး မင်းပြားကို ဆိုင်ကယ်နဲ့သွားကြတာလို့တော့ သိရတယ်။ မြောက်ဦးကခမရတပ်ရင်းက တားတာကို မရပ်ပေးတဲ့အတွက် အပစ်ခံရတယ်လို့လည်း သိရပါတယ်။ အခု ဆုံးသွားတဲ့ကိုဌေးနိုင်ကတော့ ညာဘက်လက်မောင်း အောက်မှာတစ်ချက်၊ ရင်ဘက်အောက်မှာတစ်ချက်၊ ဘယ်လက်မောင်းအောက်မှာ တစ်ချက်၊ စုစုပေါင်းသုံးချက်နဲ့  ပွဲချင်းပြီးဆုံးသွားတယ်လို့လည်း သိရပါတယ်”ဟု ၎င်းကဆိုသည်။

ယင်းနေ့က နယ်မြေခံတပ်ရင်းအနီး ရန်ကုန်-စစ်တွေကားလမ်းပေါ်၌ မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများကို စစ်ဆေးဆောင်ရွက်ရာတွင် မသင်္ကာဖွယ် မော်တော်ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ ရပ်တန့်ခြင်း မရှိဘဲ မောင်နှင်ထွက်ပြေးသွားခဲ့သည်။ ထိုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတိပေးပစ်ခတ်ဖမ်းဆီးခဲ့ရာ  လက်နက်ငယ်ထိမှန်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦးနှင့် မဟာကျော်မိ(ဘ) ဦးမာမတ်ဆော်ရန် ကို ဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

မဟာကျော်မိ အား စိစစ်မေးမြန်းခဲ့ရာ သေဆုံးသူမှာ ဌေးနိုင်(ဘ)ဦးဝင်းဦးဖြစ်ပြီး သေဆုံးသူသည် ၎င်းထံမှ ငွေ ၇ သိန်းကျပ်အား အခကြေးငွေရယူပြီး ဧရာဝတီ တိုင်းဒေသကြီးမှတစ်ဆင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးမည်ဟု ပြောဆိုခေါ်ဆောင်လာစဉ် ယခုကဲ့သို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေဆုံးသူ ဌေးနိုင်မှာ အသက် (၃၂)နှစ်အရွယ်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ဘေးကျောင်းအုပ်စု၊ ဇောက်ကုန်းကျေးရွာမှ ဖြစ်ကြောင်းနှင့် ဖမ်းဆီးခံရသူမှာ ကျောက်တော်မြို့နယ်၊ ပိုက်ကလားကျေးရွာမှ ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ထံက သိရသည်။

ဗီဒီယိုများ