တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးသည့် ဒေသခံများ၏ စက်လှေတိမ်းမှောက်၍ ကလေးနှစ်ဦးပျောက်ဆုံး

ဝေသာလီကျေးရွာမှ နေထိုင်သည့် အဆိုပါမိသားစုသည် မြောက်ဦးမြို့နယ်၊ ပြလှကျေးရွာသို့ ထွက်ပြေးကြရာ ငစွယ်ကန်ချောင်းအတွင်းတွင် စက်လှေတိမ်းမှောက်သွားခြင်းဖြစ်ပြီး (၉)တန်းကျောင်း သူတစ်ဦးနှင့် ကလေးငယ်တစ်ဦး ပျောက်ဆုံးသွားခြင်းဖြစ်သည်။

By ဖဒူ ထွန်းအောင်၊ အောင်ထိန် 19 Oct 2019

ဖဒူ ထွန်းအောင်၊ အောင်ထိန် |DMG

အောက်တိုဘာ ၁၉၊ စစ်တွေ

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာအနီးတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေသောကြောင့် ကြောက်လန့်၍ ထွက်ပြေးကြသည့် မိသားစုတစ်စု စက်လှေတိမ်းမှောက်၍ ကလေးငယ်နှစ်ဦး ပျောက်ဆုံးနေသည်ဟု မြောက်ဦးမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

ဝေသာလီကျေးရွာမှ နေထိုင်သည့် အဆိုပါမိသားစုသည် မြောက်ဦးမြို့နယ်၊ ပြလှကျေးရွာသို့ ထွက်ပြေးကြရာ ငစွယ်ကန်ချောင်းအတွင်းတွင် စက်လှေတိမ်းမှောက်သွားခြင်းဖြစ်ပြီး (၉)တန်းကျောင်း သူတစ်ဦးနှင့် ကလေးငယ်တစ်ဦး ပျောက်ဆုံးသွားခြင်းဖြစ်သည်။

“ဝေသာလီမှာတိုက်ပွဲဖြစ်တော့ ဝေသာလီကသူတွေက ပီပင်ရင်းရွာကိုထွက်ပြေးပါတယ်။ ပီပင်ရင်းကနေ တစ်ဆင့် ပြလှရွာဘက်ကို စက်လှေနဲ့ကူးတဲ့အခါ ကလေးနှစ်ယောက် ရေမြုပ်ပြီးသေတယ်လို့ သတင်းရ ပါတယ်။ အခုထိ ကလေးတွေရဲ့အလောင်းကို မရသေးဘူး”ဟု ဦးထွန်းသာစိန်က ပြောသည်။

ယင်းအပြင် ဝေသာလီကျေးရွာမှ ဒေသခံများသည် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ပီပင်ရင်း၊ ပြလှစသည့် နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးသွားကြသည်ဟု ဒေသခံများထံက သိရသည်။

ဝေသာလီကျေးရွာ၊ လက္ကာကျေးရွာ၊ ပေါက်တောပြင်ကျေးရွာအနီးတို့တွင် နံနက် (၆)နာရီကပင် လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး တိုက်ပွဲကြောင့် လက္ကာကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားသည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

“ရွာကအိမ်တွေ မီးလောင်နေတာကို မြင်ရတယ်။ မီးခိုးတွေထွက် နေတာကိုလည်းမြင်ရတယ်။ ကျနော်တို့ သွားလို့မရဘူး။ ကျတော်တို့က စစ်ရှောင်စခန်းတွေကို ရောက်နေတယ်။ လက်နက် ကြီးလက်ငယ်တွေ ပစ်ခတ်တာတွေလည်း ကြားရတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ တိုက်ပွဲများကြောင့် မြောက်ဦးမြို့မဈေးရှိ ဈေးဆိုင်ခန်းများလည်း ပိတ်သိမ်းထားကာ ဒေသခံများလည်း စိုးရိမ်ကြောက်လန့်နေကြသည်ဟု ဒေသခံများထံက သိရသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်းက  စတင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး တိုက်ပွဲကြောင့် စစ်ဘေးရှောင်ဦးရေ ၆၄၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ (၈၀)ကျော်ရှိနေကာ ထိခိုက်ဒဏ်ရာရရှိသူ (၁၂၀)ဦးခန့် ရှိနေကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်များထံက သိရသည်။

ဗီဒီယိုများ