အောင်တံခွန် (၇)ရေယာဉ်ပေါ်လိုက်ပါလာသည့် ကားဒရိုင်ဘာ (၁၆)ဦးကို AA ဖမ်းဆီး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စဖိုကျွန်းအနီးတွင် အောင်တံခွန်(၇)ရေယာဉ်ကို တားဆီးပြီး ကားဒရိုင်ဘာ (၁၆)ဦးကို ရက္ခိုင့်တပ်တော်(AA)က ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ ၊နေ့လယ် (၂)နာရီခန့်တွင် ဖမ်းဆီးသွားသည်ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ရခိုင်ဌာနခွဲ တာဝန်ခံက ပြောသည်။

By ချလူးအောင် 31 Dec 2019

(ဓာတ်ပုံ - ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ရခိုင်ဌာနခွဲ)

ချလူးအောင် | DMG
ဒီဇင်ဘာ ၃၁၊ မောင်တော

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စဖိုကျွန်းအနီးတွင် အောင်တံခွန်(၇)ရေယာဉ်ကို တားဆီးပြီး ကားဒရိုင်ဘာ (၁၆)ဦးကို ရက္ခိုင့်တပ်တော်(AA)က ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ ၊နေ့လယ် (၂)နာရီခန့်တွင် ဖမ်းဆီးသွားသည်ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ရခိုင်ဌာနခွဲ တာဝန်ခံ ဦးအောင်လင်းက DMG ကိုပြောသည်။

စစ်တွေ - ဘူးသီးတောင်သို့ ပြေးဆွဲနေသော အောင်တံခွန် (၇)ရေယာဉ်ပေါ်တွင် ရေယာဉ်ဝန်ထမ်း (၁၂)ဦးနှင့် ခရီးသည် စုစုပေါင်း (၈၉)ဦး လိုက်ပါလာခြင်းဖြစ်သည်။ ယင်းရေယာဉ်ပေါ်တွင် လိုက်ပါလာသော ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ကားဒရိုင်ဘာ (၁၈)ဦးအနက် (၁၆)ဦးကို ဖမ်းဆီးသွားခြင်းဟု ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ရခိုင်ဌာနခွဲမှ သိရသည်။

“သင်္ဘောကိုတားဆီးစစ်ဆေးပြီး (ကပစ)ကားဒရိုင်ဘာ ၁၈ ဦးထဲက ၁၆ ဦးကို ဖမ်းဆီးသွားတယ်။ သင်္ဘောကိုတော့ ပြန်လွှတ်လိုက်ပါပြီ” ဟု ဦးအောင်လင်းက ပြောသည်။

အဆိုပါ ကားဒရိုင်ဘာများမှာ ပြန်လည်လက်ခံရေးစခန်းများတွင် မော်တော်ကားများကို မောင်းနှင်ရန်အတွက် မောင်တောမြို့သို့ လာရောက်ခြင်းဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။

“သူတို့က (ကပစ)က ကားဒရိုင်ဘာတွေပါ။ ပြန်လည်လက်ခံရေး စခန်းတွေက လူတွေတင်တဲ့ ကားတွေကို မောင်းတဲ့ ဒရိုင်ဘာတွေဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး AA ပြန်ကြားရေးတာဝန်ခံခိုင်သုခကို DMG က (၃)ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ပြီးခဲ့သည့် အောက်တိုဘာလ (၂၆)ရက်နေ့ကလည်း စစ်တွေ-ဘူးသီးတောင်မြို့သို့ ပြေးဆွဲနေသည့် ရွှေနဒီအမြန် ရေယာဉ်ကို ရက္ခိုင့်တပ်တော်(AA)က ရသေ့တောင်မြို့နယ်၊ ရေမျက်ကျေးရွာအနီးတွင် တားဆီးပြီး တပ်မတော်သား (၁၄)ဦး၊ ရဲတပ်ဖွဲ့ဝင် (၂၉)ဦး၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း (၂)ဦးနှင့်အရပ်သား (၁၃)ဦးတို့ကို ဖမ်းဆီးခဲ့သည်။

ရွှေနဒီရေယာဉ်ပေါ်မှ ဖမ်းဆီးခဲ့သူများအနက် စစ်ဖက်နှင့်မသက်ဆိုင်သော အရပ်သားများကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း AA ဘက်က သတင်းထုတ်ပြန်ထားသည်။

ဗီဒီယိုများ