ရခိုင်စစ်ဘေးရှောင်များအတွက် နိုင်ငံတော်မှ လုံလောက်စွာထောက်ပံ့ပေးထားနိုင်ကြောင်း လူ/ကယ်/ပြန် ဒုဝန်ကြီးပြော

ယနေ့ သြဂုတ်လ ၈ ရက်နေ့တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် လက်ရှိနိုင်ငံတော်အနေဖြင့်ထောက်ပံ့ပေးနိုင်မှုအခြေအနေ လုံလောက်မှု ရှိသလားဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကမေးမြန်းခဲ့ရာ ဝန်ကြီးဦးစိုးအောင်က လုံလောက်ကြောင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

09 Aug 2019

ဓာတ်ပုံ - ညီညီအောင်

ဝင်းညွန့် | DMG

သြဂုတ် ၈ ၊ စစ်တွေ

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုများကြောင့် တစ်နေ့ထက်တစ်နေ့တိုးလာနေသည့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်များအတွက် နိုင်ငံတော်အစိုးရမှ လုံလောက်စွာထောက်ပံ့ပေးထားနိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောသည်။

ယနေ့ သြဂုတ်လ ၈ ရက်နေ့တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် လက်ရှိနိုင်ငံတော်အနေဖြင့်ထောက်ပံ့ပေးနိုင်မှုအခြေအနေ လုံလောက်မှု ရှိသလားဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကမေးမြန်းခဲ့ရာ ဝန်ကြီးဦးစိုးအောင်က လုံလောက်ကြောင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတော်အနေနဲ့ လုံလောက်စွာ ထောက်ပံ့ပေးနိုင်တယ်ဆိုတဲ့အကြောင်း ပြောချင်ပါတယ်” ဟု ဝန်ကြီး ဦးစိုးအောင်က ပြောသည်။

ရခိုင်ပြည်အတွင်းရှိ မြို့နယ် ၆ မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူ့များအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ် ၁ ဘီလျှံနှင့် အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲရေးရန်ပုံငွေမှ ၆၁၇ ဒသမ ၅၀၀ သန်း စုစုပေါင်းကျပ် ၁၆၁၇ ဒသမ ၅၀၀ သန်းဖြင့် စစ်ဘေးရှောင်စခန်း ၇ ခုကို လက်ရှိတွင် ဆောက်လုပ်ပေးလျက်ရှိကြောင်းလည်း ၎င်းကပြောသည်။

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်များအား နိုင်ငံတော်မှ မည်သို့ကူညီစောင့်ရှောက်ပေးမည်ကို သိလိုကြောင်း မေးခွန်းကို ဦးဖေသန်းက ယနေ့ပြည်သူလွှတ်တော်တွင်မေးမြန်းခဲ့သည်။

“စစ်ပွဲတော့ ဘယ်တော့ပြီးမယ်မသိဘူး။ ငြိမ်းချမ်းရေးကလည်း ကမ်းမမြင်၊ လှမ်းမမြင် ဖြစ်နေပါတယ်။ ဒီလို အချိန်မှာ တစ်နေ့တစ်ခြားတိုးပွားလာတဲ့၊ ဒုက္ခတွေဝေနေကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် နိုင်ငံတော်အစိုးရက ဘယ်လို့ကူညီမှာလဲဆိုတာ အကုန်လုံးသိချင်နေကြပါတယ်” ဟု ဦးဖေသန်းက ပြောသည်။

စစ်ဘေးရှောင်ဒုက္ခသည်များကိုကူညီရန် WFP နဲ့ ICRC နှစ်ဖွဲ့မှလွဲ၍ အခြားအဖွဲ့အစည်းများကို အကန့် အသတ်ဖြင့် သွားလာခွင့်ပြုထားပြီး ဒုက္ခသည်များအတွက် ဌာနဆိုင်ရာများအားအလှူငွေမကောက်ခံရန် ညွှန်ကြားထားသကဲ့သို့ အရပ်ဖက်အဖွဲ့အစည်းများအလှူငွေကောက်ခံမည်ဆိုပါကလည်း ခွင့်ပြုချက်ရယူပြီးမှ ကောက်ခံရကြောင်း ၎င်းကဆိုသည်။

သို့သော် ဝန်ကြီး ဦးစိုးအောင်က လူ့မှုအဖွဲ့အစည်းများ၏ လာရောက်ထောက်ပံ့ပေးနေမှုများကို နိုင်ငံတော် အနေဖြင့် ကန့်ကွက်ထားခြင်းမရှိကြောင်း ပြောသည်။

“လူမှုအဖွဲ့အစည်းတွေရဲ့ လာရောက်ထောက်ပံပေးနေတဲ့သူတွေကိုလည်း နိုင်ငံတော်အနေနဲ့ ကန့်ကွက် ထားခြင်းမရှိပါဘူး။ ထောက်ပံ့မှုတွေကိုလည်း လက်ခံလျက်ရှိပါတယ်။ ကန့်သတ်ထားတာတွေကတော့ လုံခြုံရေးအခြေအနေကြောင့်ဖြစ်ပါတယ်” ဟု ဝန်ကြီးဦးစိုးအောင်က ဆိုသည်။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ဘေးရှောင်ဒုက္ခသည်များကို ကူညီရန်အတွက် အလှူငွေကောက်ခံခဲ့သည့် ကူညီရေးအဖွဲ့နှစ်ဖွဲ့အား ခွင့်ပြုချက်မဲ့အလှူငွေကောက်ခံသည်ဟုဆိုကာ စစ်တွေမြို့တွင် ဖမ်းဆီးတရားစွဲဆိုပြီး ပြစ်ဒဏ်ချမှတ်ခံရမှုများလည်းရှိပေသည်။

ဗီဒီယိုများ