ကိုရိုနာဗိုင်းရပ်စ် ကူးစပ်ခံထားရသူနှစ်ဦးနှင့် ထိတွေ့ခဲ့သူများကို စုံစမ်းဖော်ထုတ်မည်

မြန်မာနိုင်ငံတွင် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစပ်ခံထားရသူနှစ်ဦးနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မတ်လ ၂၄ ရက်နေ့က ထုတ်ပြန်သည်။

By နေရောင်မင်း 24 Mar 2020

 

နေရောင်မင်း | DMG
မတ်လ ၂၄၊ စစ်တွေ

မြန်မာနိုင်ငံတွင် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစပ်ခံထားရသူနှစ်ဦးနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မတ်လ ၂၄ ရက်နေ့က ထုတ်ပြန်သည်။

မတ်လ ၁၃ ရက်နေ့က အမေရိကန်နိုင်ငံမှ လေကြောင်းခရီးဖြင့် ဝင်ရောက်လာသည့် ချင်းပြည်နယ်၊ တီးတိန်မြို့တွင် နေထိုင်သော အသက် (၃၆)နှစ်အရွယ် အမျိုးသားသည် မတ်လ ၁၉ ရက်နေ့တွင် ကိုယ်အပူချိန်မြင့်တက် ဖျားနာခဲ့သဖြင့် ဆေးခန်းတစ်ခုတွင် ပြသခဲ့သည်။

ယင်းနောက် တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းခဲ့သဖြင့် စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင်ထားရှိ၍ စောင့်ကြပ်ကုသမှုပေးခဲ့ပြီး လူနာထံမှ ဓာတ်ခွဲနမူနာအား အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) သို့ပေးပို့ခဲ့ရာ မတ်လ ၂၃ ရက်နေ့တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေအရ ကိုရိုနာဗိုင်းရပ်စ်(COVID-19 )ရောဂါပိုးတွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းမှာ ကိုယ်ပူဖျားနာခြင်းနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမရှိဘဲ သက်သာလျက်ရှိကာ တီးတိန်ပြည်သူ့ဆေးရုံတွင် သီးခြားထားရှိ၍ စနစ်တကျ စောင့်ကြပ်ကုသလျက်ရှိသည်ဟု ဆိုထားသည်။

အလားတူ အင်္ဂလန်နိုင်ငံမှ ဝင်ရောက်လာခဲ့သည့် အသက် (၂၆)နှစ်အရွယ် မြန်မာနိုင်ငံသားအမျိုးသားအား မတ်လ ၂၂ ရက်နေ့က လှည်းကူးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေး ကွင်းဆင်းသင်တန်းကျောင်းနှင့် မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်တွင် အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်းကို ဆောင်ရွက်ခဲ့သည်။

ယင်းအမျိုးသားသည် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့စဉ်မှ ကိုယ်ပူဖျားနာခြင်းနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မရှိသော်လည်း ဓာတ်ခွဲနမူနာအား မတ်လ ၂၃ ရက်နေ့တွင်ရယူ၍  အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သို့ ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲအဖြေအရ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါပိုးတွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါအမျိုးသားအား ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကာ သီးခြားထားရှိ (isolation) ၍ စနစ်တကျ စောင့်ကြပ်ကုသလျက်ရှိသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) သည် အဆိုပါအမျိုးသား (၂) ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးပုံ၊ စစ်ဆေးနည်း (Protocol) (၄) မျိုးဖြင့် ပိုမိုသေချာစေရန် စနစ်တကျ ဓာတ်ခွဲစစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများအရ အဆိုပါ အမျိုးသား(၂) ဦးထံမှ ဓာတ်ခွဲနမူနာများအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ မတ်လ ၂၄ ရက်နေ့တွင် ဆက်လက်ပေးပို့၍ အတည်ပြုချက်ရယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဆက်စပ်ဖတ်ရှုရန် -

ဗီဒီယိုများ