ကိုရိုနာဗိုင်းရပ်စ် သတင်းအချက်အလက်များ သိရှိနိုင်အောင် အင်တာနက်ပြန်ဖွင့်ပေးရန်လို

အင်တာနက်ဖြတ်တောက်ခံထားရသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝရှိ ဒေသခံများ ကိုရိုနာဗိုင်းရပ်စ်နှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို အချိန်မီရရှိနိုင်ရန်အတွက် အင်တာနက်အမြန်ဆုံးဖွင့်ပေးရန် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)က ယနေ့ မတ်လ ၁၈ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

By ကျော်သူဌေး 18 Mar 2020

ကျော်သူဌေး | DMG
မတ်လ ၁၈၊ စစ်တွေ

အင်တာနက်ဖြတ်တောက်ခံထားရသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝရှိ ဒေသခံများ ကိုရိုနာဗိုင်းရပ်စ်နှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို အချိန်မီရရှိနိုင်ရန်အတွက် အင်တာနက်အမြန်ဆုံးဖွင့်ပေးရန် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)က ယနေ့ မတ်လ ၁၈ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

အစိုးရသည် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သည့် ရှောင်ရန်၊ဆောင်ရန် သတင်းအချက်အလက်များကို အင်တာနက်၊ တီဗွီများက အဓိကထုတ်ပြန်ပေးသည်။ သို့သော် အင်တာနက်ဖြတ်တောက်ခံထားရသည့် ဒေသရှိ စစ်ဘေးရှောင်များမှာ တီဗွီမရှိသဖြင့် သတင်းအချက်အလက်များ ရရှိပိုင်ခွင့်ဆုံးရှုံးနေသည်ဟု REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။

“(သတင်းအချက်အလက်တွေကို)အဓိက အင်တာနက်ကနေ ကြည့်လို့ရတာက အကောင်းဆုံး။ အမြန်ဆန်ဆုံး။ အဆင်အပြေဆုံး။ ဒါပေမယ့် အစိုးရက အင်တာနက်ပိတ်ထားတယ်။ ဆိုတော့ သတင်းမရရှိတဲ့အတွက် သူတို့တွေ ကာကွယ်မှုတွေကိုလည်း သိဖို့မဟုတ်၊ အန္တရာယ်ကိုလည်းသိဖို့မဟုတ်၊ မသိတဲ့အတွက် ဒုက္ခသည်စခန်းမှာ နေရတဲ့သူတွေက သာမန်လူတွေလို ပစ္စည်းတွေအစုံမရှိဘူး။ ဥပမာ -လက်သန့်ဆေး၊ ဆပ်ပြာ၊ ရေအခက်အခဲရှိတယ်။ အဲ့တော့ သူတို့သာမသိရင် သူတို့အပေါ်ဆိုးဆိုးရွားရွား ထိခိုက်မယ်” ဟု ၎င်းကဆိုသည်။

မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များမှာ အင်တာနက်ဖြတ်တောက်ခံထားရမှုကြောင့် ကိုရိုနာဗိုင်းရပ်စ်နှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို မသိရသည့်အပြင် မည်သို့မည်ပုံ ကာကွယ်ရမည်ကိုလည်း မသိရှိကြောင်း စခန်းတာဝန်ခံ ဦးဝေလှအောင်က DMG သို့ ပြောသည်။

“စစ်ဘေးရှောင်စခန်းတွေမှာတော့ အတွေ့အကြုံလည်း မရှိဘူး။ ပြီးတော့ အပြင်ထွက်ပြီး သွားလာရတာလည်း မဟုတ်ဆိုတော့ သတင်းအချက်တွေ သူတို့မှာမရှိဘူး။ ဗိုင်းရပ်စ်ကို ကြားတာလောက်ပဲ ရှိတယ်။ ဘယ်လိုနေထိုင်ရမယ်၊ ဘယ်လိုကာကွယ်ရမယ်ဆိုတာကို မသိရဘူး။ ဒီရောဂါက ကူးစက်ရောဂါဆိုတော့ တစ်ယောက်ဖြစ်ပြီးရင် နောက်လူတွေကို ကူးစက်ဖို့အများကြီးလွယ်ကူတယ်။ ကူးစက်မှာကို စိုးရိမ်ရတယ်” ဟု ဦးဝေလှအောင်က ပြောသည်။

စစ်ဘေးရှောင် (၃၀၀၀)ကျော် ခိုလှုံနေသည့် တိမ်ညိုစစ်ဘေးရှောင်စခန်းကို ကျန်းမာရေးဌာနက ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သည့် အသိပညာပေးမှုများ ပြုလုပ်ခြင်းလည်းမရှိဟု ၎င်းကဆက်လက်ပြောသည်။

လတ်တလောကာလတွင် အင်တာနက်ဖွင့်ပေးရန် အရေးကြီးပြီး အင်တာနက်မဖွင့်ပေးပါက ဖြစ်လာသမျှ အကျိုးဆက်မှာ အစိုးရ၏တာဝန်သာဖြစ်သည်ဟု REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။

“အဲဒါကို အစိုးရက နားလည်ပြီး ချက်ချင်းဖွင့်ပေးဖို့လိုတယ်။ မဖွင့်ရင် နောက်ဆက်တွဲဖြစ်ရတဲ့ ကိစ္စတွေဟာ အစိုးရကြောင့်လို့ ကျနော်တို့ပြောမယ်။ ဒီနေရာမှာ ပြတ်ပြတ်သားသားပြောချင်တယ်။ အစိုးရအနေနဲ့ ချက်ချင်းလုပ်ပေး။ မလုပ်ပေးဘူးဆိုရင် အစိုးရမှာ လုံးဝတာဝန်ရှိတယ်လို့ ပြောမယ်” ဟု ၎င်းကဆိုသည်။ 

(ဓာတ်ပုံ - ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကလည်း ယခုကာလအတွင်း လူစုလူဝေးများပြားရာနေရာများ နှင့် ပွဲလမ်းသဘင်ရှိရာနေရာများကို အတတ်နိုင်ဆုံးရှောင်ကြဉ်ကြရန် ညွှန်ကြားထားသည်။ ထို့ပြင် လူစုလူဝေးမဖြစ်စေရေး ရည်ရွယ်ပြီး လူစုလူဝေးဖြင့်ကျင်းပသည့် အခမ်းအနားများ၊ ပွဲလမ်းသဘင်များ မပြုလုပ်ရန်လည်း အစိုးရက ညွှန်ကြားထားသည်။

“ကျန်းမာရေးလိုအပ်ချက်အရ မလိုအပ်ဘဲ လူစုလူဝေးမဖြစ်အောင် လိုက်နာဆောင်ရွက်ဖို့မှာ ပြည်သူတွေအဓိကပါ။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာရေးမှာ ပြည်သူတွေအဓိကပါ” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၁၆ ရက်နေ့က ပြည်သူများကို မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောခဲ့သည်။

သို့သော် ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် တစ်သိန်းနှစ်သောင်းကျော်အထိရှိပြီး စစ်ဘေးရှောင်စခန်းတစ်ချို့တွင် လူဦးရေ (၁၀၀၀)ကျော်အထက် ခိုလှုံမှုများရှိသည်။ ၎င်းတို့သည် တဲအိမ်များ၊ တန်းလျားများတွင် တစ်ဦးနှင့်တစ်ဦး ပူးကပ်စွာနေထိုင်ရသည်များ ရှိသည်။

တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြားနှင့် ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့ကို ၂၀၁၉ ခုနှစ် ဇွန်လ (၂၁)ရက်နေ့တွင် ကြိုတင် အသိမပေးဘဲ အင်တာနက်ဖြတ်တောက်ခဲ့သည်။

ထို့နောက် စက်တင်ဘာလ (၁)ရက်နေ့တွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနှင့် ပလက်ဝ မြို့နယ်တို့ကို အင်တာနက်ပြန်ဖွင့်ပေးခဲ့သော်လည်း ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် ယင်းမြို့နယ်များကို ထပ်မံဖြတ်တောက်လိုက်သည်။

ဗီဒီယိုများ