အာဏာသိမ်းမှုရိုက်ခတ်မှုဒဏ် ကျေးလက်နေပြည်သူများပိုမိုခံစားရ

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည့် ကဏ္ဍရပ်များမှာ အဘက်ဘက်မှာ ကျဆင်းယိုယွင်းနေပြီး ကုန်ဈေးနှုန်းမြင့်မားမှု၊ အလုပ်အကိုင်ရှားပါးဒဏ်ကိုလည်း ရခိုင်ပြည်ရှိ ကျေးလက်ဒေသများမှ ပြည်သူများလည်း ပိုမိုခံစားနေရသည်။

05 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၅

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည့် ကဏ္ဍရပ်များမှာ အဘက်ဘက်မှာ ကျဆင်းယိုယွင်းနေပြီး ကုန်ဈေးနှုန်းမြင့်မားမှု၊ အလုပ်အကိုင်ရှားပါးဒဏ်ကိုလည်း ရခိုင်ပြည်ရှိ ကျေးလက်ဒေသများမှ ပြည်သူများလည်း ပိုမိုခံစားနေရသည်။

ရခိုင်ပြည်တွင် စစ်အာဏာသိမ်းမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်ကန့်ကွက်မှုများမရှိသောကြောင့် အပြင်ဘက်ကကြည့်လျှင် ဒေသတည်ငြိမ်မှုရှိသည်ဟု မြင်တွေ့ရဖွယ်ရှိသော်လည်း စင်စစ်တွင်မူ ရခိုင်ဒေသသည်လည်း စစ်အာဏာသိမ်းမှု ခံစားနေရသည့်အထဲတွင် ပါဝင်သည်။

စစ်အာဏာသိမ်းပြီးနောက် အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် တခြားလူသုံးကုန်ပစ္စည်းများမှာ အဆမတန်မြင့်မားမှုများကြောင့် ပြည်သူများသည် အခက်အခဲအကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။ ထိုကြားထဲတွင် ကျေးလက်ဒေသမှ ပြည်သူများမှာ စားဝတ်နေရေးအတွက် ပိုမိုအခက်တွေ့သည်ဟု ဆိုကြသည်။

ကျေးလက်ဒေသများမှ ပြည်သူများ ပိုမိုခက်ခဲရခြင်းမှာ မြို့ပေါ်မှ ဝယ်ယူရောင်းချနေသည့် ကုန်ပစ္စည်းများကို ရွာရှိဈေးဆိုင်များမှတစ်ဆင့် ပြန်လည်ဝယ်ယူရခြင်းဖြစ်သဖြင့် ဈေးနှုန်းများ အလွန်ကွာဟသွားသဖြင့် အခြေခံလူတန်းစားများအတွက် ဒုက္ခရောက်ရသည်ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်သည်ကျေးရွာမှ ကိုကျော်သူဌေးက DMG သို့ ပြောသည်။

“ဒီရွာက အရင်ကတည်းကနေ ဝေးလွန်ခေါင်ပါးတော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတယ်။ ကုန်ပစ္စည်းတွေ၊ စားကုန်သောက်ကုန်တွေ ဝယ်ရတဲ့ စရိတ်တွေများလာတယ်။ ဒီကိုရောက်ရင် ဈေးတင်ရောင်းကြရတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပိုဆိုးသွားတာပေါ့။ ကုန်ဈေးနှုန်းတွေတက်တော့ အရင်ဈေးနှုန်း ၅၀ ဆိုရင် အခု ၁၅၀ ဝယ်ရတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ကျေးရွာမှ ဒေသခံများသည် တောင်ယာလုပ်ငန်းများကိုသာ အဓိက လုပ်ကိုင်ကြပြီး ဝင်ငွေနည်းပါးသဖြင့် တောင်ယာမှ ထွက်သည့် ဟင်းသီး၊ ဟင်းရွက်များကိုသာ အဓိက မှီခိုစားသုံးနေရကြောင်း ကိုကျော်သူဌေးက ဆက်လက်ပြောသည်။

ရခိုင်ပြည်သည် မြန်မာနိုင်ငံတွင် ဒုတိယအဆင်းရဲဆုံးဒေသတစ်ခုဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းလည်း အလွန်ရှားပါးသောကြောင့် ကျေးလက်နေ ပြည်သူအများစုမှာ ပြည်မနှင့်ပြည်ပသို့ ထွက်ခွာကာ အလုပ်သွား လုပ်နေကြသည်။ အာဏာသိမ်းပြီး နောက်တွင် စက်ရုံအလုပ်ရုံတစ်ချို့ ပိတ်သိမ်းခြင်း၊ မတည်ငြိမ်မှုများကြောင့် ပြည်မသို့ ထွက်ခွာအလုပ်လုပ်ကိုင်နေသူများသည် မိမိတို့ ဒေသသို့ ပြန်လည်ခြေချလာကြသည်။

သို့သော်လည်း နဂိုကပင် အလုပ်အကိုင်ရှားပါးသည့် ရခိုင်ဒေသတွင် ၎င်းတို့အတွက် အလုပ်အကိုင် မည်မည်ရရ မရှိ၍ အလုပ်လက်မဲ့ ဆက်လက်ဖြစ်ပေါ်နေပြီး တစ်ချို့က ကြုံရာကျပန်းအလုပ်များကို လုပ်ကိုင်စားသောက်နေခြင်းနှင့် မြင့်တက်နေသည့် ကုန်ဈေးနှုန်းဒဏ်ကို အလူးအလဲခံစားနေကြရကြောင်း ကျေးလက်ဒေသခံများက ဆိုကြသည်။

“ စားဝတ်နေရေးကတော့ အခက်ခဲရှိတာပေါ့။ ဒီဝါးရောင်းပြီး စားသောက်နေတာ၊ အရင်က ထင်း၊ မီးသွေး ရောင်းခဲ့တယ်။ ရောင်းမကောင်းတော့ ဝါးရောင်းတယ်။ အရင်က ဆိုရင် ၄ သိန်း၊ ၅ သိန်းဖိုးလောက်ရောင်း ရတယ်။ အာဏာသိမ်းပြီးနောက်မှာတော့ တစ်ရက်နေလို့ ဝါးတစ်ချောင်းမှ မရောင်းရတဲ့ နေ့တွေရှိတယ်။ ဝင်ငွေက ၅ ထောင်၊ ၁ သောင်းလောက်ပေါ့။ စီးပွားရေးအဆင်မပြေတော့ နိုင်ငံခြားကို ထွက်ဖို့စီစဉ်နေတယ်” ဟု ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာမှ ဒေါ်အေးအေးလွင်က ပြောသည်။

ကျေးလက်ဒေသမှ ဈေးဆိုင်ရောင်းချသူများမှာလည်း ကုန်ဈေးနှုန်းများ မြင့်တက်နေမှုကြောင့် အခက်တွေ့ နေကြသည်။ စက်ဆုံးဆီများနှင့် တခြား အခြေခံစားသောက်ကုန်ပစ္စည်းများကို ဈေးတင်ရောင်းချနေရသည့် အတွက် ဆိုင်ရောင်းမကောင်းတော့ဟု ပေါက်တောမြို့နယ်၊ ဖဒူကျေးရွာတွင် ကုန်စုံဆိုင်ရောင်းချနေသည့် ဒေါ်မဌေးရွှေက DMG သို့ ပြောသည်။

“အရင်က ဆိုင်မှာ ၄၊ ၅ သောင်းဖိုးလောက် ရောင်းကောင်းတယ်၊ အခုနှစ် နှစ်သောင်းဖိုးလောက်ပဲ ရောင်းကောင်းတော့တယ်။ စက်သုံးဆီတွေ ဈေးတက်တော့ ဆိုင်မှာ စက်သုံးဆီတင်ရောင်းတော့ အမြတ်လည်းမရှိဘူးလေ။ တစ်ရက်မှာ အိမ်မှာ စားသောက်ဖို့က ၁ သောင်းခွဲလောက်ကုန်တယ်။ စားဝတ်နေရေးကတော့ ကျပ်တည်းတာပေါ့။ ဆိုင်ကလည်း ရောင်းမကောင်း” ဟု သူမက ပြောသည်။

ရခိုင်ပြည်တွင် မြို့နယ် (၁၇)မြို့နယ်ရှိသည့်အနက် ကျေးရွာ ၃၇၄၂ ရွာ ရှိသည်။ ထိုကျေးရွာများရှိ ဒေသခံများသည် စစ်အာဏာသိမ်းမှုဒဏ်အောက်တွင် အကျပ်အတည်းမြောက်များစွာဖြင့် စားဝတ် ဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေကြရသည်။ စစ်ကောင်စီဘက်ကတော့ စစ်အာဏာသိမ်းမှုကို ဇန်နဝါရီလ ၃၁ ရက်နေ့က ထပ်မံ သက်တမ်း (၆) လ တိုးလိုက်သည်။

ရခိုင်ပြည်တွင် စစ်အာဏာသိမ်းမှုကို တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မာန်အောင် စသည့်ဒေသများတွင် ကန့်ကွက် ဆန္ဒပြမှုများရှိခဲ့သည်။ သို့ရာတွင် ဖမ်းဆီးမှုများဆက်တိုက်ရှိခဲ့သောကြောင့် ဆန္ဒပြမှုများလျှော့ကျသွားခဲ့သည်။ သို့သော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်စပ်သည်ဟု ဒေသခံတစ်ချို့ ဖမ်းဆီးခံနေရသည်။

ဗီဒီယိုများ