နယ်မြေဒေသလုံခြုံမှုမရှိသည့်အတွက် အမ်းမြို့နယ်မှ ကျေးရွာ ၁၁ ရွာတွင် မဲစာရင်းမကပ်နိုင်

တိုက်ပွဲဖြစ်ပွားမှုကြောင့် ရခိုင်ပြည်နယ်တောင်ပိုင်း၊ အမ်းမြို့နယ်၊ ဒလက်အုပ်စုမှ ကျေးရွာ ၁၁ ရွာတွင် နယ်မြေ ဒေသ လုံခြုံမှုမရှိသည့်အတွက် မဲစာရင်းများမကပ်နိုင်သေးကြောင်း အမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်ကပြောသည်။

By မင်းထွန်း 01 Sep 2020



မင်းထွန်း | DMG
စက်တင်ဘာ ၂ ၊ စစ်တွေ

တိုက်ပွဲဖြစ်ပွားမှုကြောင့် ရခိုင်ပြည်နယ်တောင်ပိုင်း၊ အမ်းမြို့နယ်၊ ဒလက်အုပ်စုမှ ကျေးရွာ ၁၁ ရွာတွင် နယ်မြေ ဒေသ လုံခြုံမှုမရှိသည့်အတွက် မဲစာရင်းများမကပ်နိုင်သေးကြောင်း အမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်ကပြောသည်။

“ဒလက်အုပ်စုမှာက နယ်မြေအခြေအနေအရ မဲစာရင်းမကပ်နိုင်တဲ့ ကျေးရွာ ၁၁ ရွာရှိပါတယ်။ အဲဒီမှာတိုက်ပွဲ ဖြစ်နေလို့၊ နယ်မြေလုံခြုံရေးအခြေအနေအရ မကပ်နိုင်တာပါ” ဟု ၎င်းကဆိုသည်။

မဲစာရင်းမကပ်နိုင်သည့် အဆိုပါကျေးရွာများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ဦးရေ ၁ သောင်းခန့်နီးပါး ရှိနိုင်သည်ဟု ဦးကိုကိုမြတ်က ခန့်မှန်းပြောဆိုသည်။

ယင်းအပြင် မဲစာရင်းမကပ်နိုင်သည့်ကျေးရွာများမှ ဒေသခံအများစုသည် တိုက်ပွဲဖြစ်ပွားမှုများကြောင့် သူတို့၏ ကျေးရွာများတွင် နေထိုင်းခြင်းမရှိဘဲ တခြားတစ်နေရာကို စစ်ဘေးဒုက္ခသည်အဖြစ်ဖြင့် ထွက်ပြေးတိမ်းရှောင် နေထိုင်နေကြသည်ဟု သိရသည်။

သို့သော် စစ်ဘေးရှောင်များသည် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးချင်စိတ်ရှိကြသော်လည်း မည်သည့်နေရာတွင် မဲပေးရမည်ကို မသိရသေးကြောင်း အမ်းမြို့နယ်မှ ဒေသခံတစ်ဦးဖြစ်သည့် ဦးစိုးသိန်းက ပြောသည်။

“စစ်ဘေးရှောင်တွေက မဲထည့်ချင်တယ်။သူတို့ ယုံကြည်တဲ့၊လေးစားရတဲ့ ပါတီတွေ၊သူတို့ ကြိုက်နှစ်သက်တဲ့ ကိုယ်စားလှယ်လောင်းတွေကို မဲထည့်ချင်တယ်။သူတို့ဟာ မဲကို ဘယ်နေရာမှာထည့်ရမှန်းမသိ့ဘူး။မြို့ပေါ်မှာ တိမ်းရှောင်လာကြတဲ့ ဒုက္ခသည်တွေအနေနဲ့လည်း ဘယ်နေရာမှာ မဲထည့်ရမှန်းမသိ့ဘူးဖြစ်နေကြလို့ ကျနော်ကို လှမ်းပြီးအကူညီတောင်းလာကြတယ်” ဟု သူကပြောသည်။

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်များ မဲပေးနိုင်ရေးသည် လုံခြုံရေးအခြေအနေနှင့် ရွေးကောက်ပွဲ ကျင်းပမည့်အချိန် နီးကပ်လာသည့်အခြေအနေပေါ်တွင်မူတည်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများက DMG သို့ ပြောဆိုထားသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်အတွင်းမှ အမ်းမြို့နယ် အပါအဝင် ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်များရှိ ကျေးရွာအချို့တွင်လည်း လူနေထိုင်မှုမရှိခြင်း၊ ကျေးရွာများပျက်စီးသွားခြင်းနှင့် မဲစာရင်းများကိုစောင့်ကြည့်သူများ မရှိတော့သည့်အတွက် မဲစာရင်းမကပ်နိုင်မှုများလည်း ရှိနေသည်။

လာမည့် ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်၌ မဲရုံပေါင်း ၂၆၀၀ ခန့်လျာထားပြီး မဲပေးမည့်လူဦးရေစာရင်း ၁၆ သိန်းကျော်ရှိကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဇူလိုင်လ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေငြာထားသည်။

ဗီဒီယိုများ